မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်အခြေစိုက် မုပ္ပလင် PDF အဖွဲ့အား ငွေကြေးထောက်ပံ့ခဲ့သူဟူဆိုကာ ယနေ့ မေလ (၃၀) ရက်နေ့က ဒေသခံတစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံခဲ့ရသူမှာ ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ မြို့သစ် (၂) ရပ်ကွက်နေ ကိုအောင်လှမိုး (ခ) ကြိးစိန် ဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ကိုကြီးစိန် ကို မုပ္ပလင် PDF အဖွဲ့တွေကို ငွေကြေးထောက်ပံ့လို့ဆိုပြီး ဖမ်းသွားတာလို့ ကြားသိရတယ်။ သူက လေထိုးကျွတ်ဖာဆိုင်လေး ဖွင့်ထားသူပါ” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
အဆိုပါ ကိုအောင်လှမိုး (ခ) ကြီးစိန် မှာ မုပ္ပလင် PDF အဖွဲ့အား ငွေကြေး (၂) ကြိမ် (၅၅၀၀၀၀ – ကျပ်) ထောက်ပံ့ထားခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
ကိုအောင်လှမိုး (ခ) ကြီးစိန် အား သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၀ (ည) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။