မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP (AD) သည် သူ့သဘောသူဆောင်နေသောအဖွဲ့ဖြစ်ပြီး မိခင်ပါတီနှင့် ဆက်စပ်ပတ်သက်မှုမရှိဟု မွန်ပြည်သစ်ပါတီ (ဗဟို) က ယနေ့ရက်စွဲဖြင့် ကျေညာချက်ထုတ်ပြန် ရှင်းလင်းခဲ့သည်။
ပါတီတွင်း စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ ဒေသတွင်း တည်ငြိမ်မှု လုံခြုံမှုတည်ဆောက်ရေး၊ ဒေသခံ ရဟန်းရှင်လူပြည်သူများ နှလုံးစိတ်ဝမ်းအေးချမ်းစေရေးတို့ကို ရှေ့ရှု၍ မိခင်ပါတီသို့ပြန်လာရေး၊ ပြန်လည် ပေါင်းစည်းရေးကို မွန်ပြည်သစ်ပါတီ (ဗဟို) က ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း NMSP (AD) ခွဲထွက်အဖွဲ့သည် နိုင်ငံရေး စစ်ရေးကဏ္ဍရပ်များတွင် မိခင်ပါတီနှင့် ကွဲပြားခြားနားသော အမြင်သဘောထားများဖြင့် ဖေါ်ဆောင်လာနေရာ ပြန်လည်ပေါင်းစည်းရေးမှာ အလားအလာ မှေးမှိန်သည်ထက် မှေးမှိန်လာနေပြီး မျော်လင့်ချက်အလွန်နည်းပါးနေသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မွန်ဒေသစစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦးက “ NMSP (AD) မိခင်ပါတီပြန်လာဖို့ မွန်ပြည်သစ်က စည်းရုံးနေတဲ့ကိစ္စမှာ နောက်ဆုံးအဖြေက ဘယ်လိုရလဲ စစ်ကောင်စီကနေ ပြတ်ပြတ်သားသား မေးလာတဲ့အပေါ် မွန်ပြည်သစ်ပါတီက အခုလို ကျေညာချက်ထုတ်ပြီး ရှင်းလင်းလိုက်တာလို့ပဲ မြင်တယ်” ဟု ဆိုသည်။
သို့ရာတွင် အဆိုပါ ခွဲထွက်သွားသည့် ခေါင်းဆောင်များအား ပါတီမှထုတ်ပယ်ခဲ့သည်ကို မတွေ့ရသလို မျော်လင့်ချက်အလွန်နည်းပါးနေသော ပြန်လည်ပေါင်းစည်းရေးကိစ္စကိုလည်း မွန်ပြည်သစ်ပါတီဗဟိုအနေဖြင့် ဆက်လက်ကြိုးပမ်းနေမည်ဟု ကျေညာချက်တွင် ဖော်ပြခဲ့သည်။
မွန်ပြည်သစ်ပါတီအထွေထွေ အတွင်းရေးမှူး နိုင်ဇေယျ၊ ဒုစစ်ဦးစီးချုပ် စလွန်းထော၊ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် နိုင်ဗညားလယ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် နိုင်လယီကောင်း တို့မှ ဦးဆောင်ကာ မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းပြီး ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့ တွင် စစ်ကောင်စီအား ဆန့်ကျင်သောအင်အားစု များနှင့် ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလျက် ခွဲထွက်မှုကို အတိအလင်းဖေါ်ဆောင်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီ (ဗဟို) က ဆိုသည်။