ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်း စစ်ကျန်မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အမျိုးသမိးတစ်ဦး ထောက်ဖောက်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ (၂၈) ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်ခန့်က ကော့ကရိတ်မြို့၊ အမှတ် (၄) ရပ်ကွက်တွင် နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်တိမ်းပြီးနောက် နေရပ်ပြန်လာသည့် အသက် (၅၀) နှစ်ခန့် အမျိုးသမီးတစ်ဦးမှာ ၎င်း၏နေအိမ် ခြံဝင်းအတွင်း အဝတ်လှမ်းနေစဉ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုကြောင့် အဲ့ဒီအမျိုးသမီးရဲ့ ဘယ်ဘက်ခြေထောက်ပြတ်သွားလို၊ ညဘက်ခြေထောက်မှာလည်း ပေါက်ပြဲဒဏ်ရာတွေရသွားတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် အမျိုးသမီးမှာ ကော့ကရိတ်မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ၎င်းဒေသခံက ဆိုသည်။
ပြီးခဲ့သည့် မေလ(၁၄) ရက်နေ့ကလည်း ကော့ကရိတ်မြို့ အမှတ် (၂) ရပ်ကွက်၊ ဝင်းကြီးကွက်သစ်အပိုင်းတွင် စစ်ကျန်လက်နက်ကြီးတစ်လုံး ပေါက်ကွဲမှုကြောင့် နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်ပြီးနောက် နေရပ်သို့ပြန်လာသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့သေးကြောင်း သိရသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့အား ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှစတင်ကာ ကေအဲန်ယူ/ကေအဲန်အယ်လ်အေ/ပီဒီအက်ဖ် ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရမှ စစ်ကောင်စီတပ်များနှင့် လပေါင်းများစွာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲများအတွင်း ကော့ကရိတ်မြို့ခံပြည်သူ (၃၀) ဦးထက်မနည်း သေဆုံးခဲ့သည့်အပြင် နေအိမ်ပေါင်း ရာနှင့်ချီကာ မီးလောင်ပျက်ဆီးခဲ့ပြီး၊ မြို့ခံပြည်သူအားလုံးနီးပါး နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။