မိုးဦးရာသီတွင် မိုးရွာသွန်းမှုကြောင့် လမ်းများပျက်စီးနေသည့်အတွက် မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ကျော်ခို့ – ထို့ကော်ကိုးလမ်းအား ပိတ်ထားပြီး၊ မြဝတီ – ကော့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းမှ နေ၍ မော်တော်ယာဉ်များ ပြန်လည်သွားလာနိုင်ကြောင်း ကားသမားများထံမှ သိရသည်။
မိုးရွာသွန်းမှုကြောင့် ထို့ကော်ကိုးလမ်းမှာ ပျက်စီးသွားပြီး၊ မော်တော်ယာဉ်များ လမ်းချော်ခြင်း၊ တိမ်းမှောက်ခြင်းများလည်း ဖြစ်ပေါ်နေသည့်အတွက် ယင်းလမ်းကြောင်းအား ယမန်နေ့ မေလ (၂၈) ရက်နေ့မှစတင်ကာ ပိတ်ထားလိုက်ခြင်းဖြစ်ကြောင်း ကားသမားတစ်ဦးက ပြောကြားသည်။
“ထို့ကော်ကိုးလမ်းက မြေသားလမ်းတွေဆိုတော့ မိုးရွာတာနဲ့ လမ်းတွေကုန်တယ်။ ကားတွေကလည်း ကုန်ဝိတ်တွေနဲ့ဆိုတော့ လမ်းက ဗွက်တွေထကုန်တယ်။ ကားတွေကို ယန္တရားတွေ၊ ဆင်တွေနဲ့တောင်ဆွဲရတဲ့ အခြေအနေမျိုးဖြစ်သွားတယ်” ဟု ၎င်းကားသမားက ဆက်လက်ပြောကြားသည်။
ထိုသို့ ထို့ကော်ကိုးလမ်းအား ပိတ်လိုက်သည့်အတွက် တောင်ခြေရှိဂိတ်တွင် ကားအစီးရေ ထောင်နှင့်ချီပြီး ပိတ်မိနေကြောင်းနှင့် တချို့ကားများပြန်လှည့်သွားသည့်အခြေအနေမျိုးရှိနေကြောင်းလည်း ၎င်းကားသမားကဆိုသည်။
အလားတူ မြဝတီမြို့ဘက်မှလာရောက်ရသည့်အခြားကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သော ၁၀၁၈ ထီဝါပလောလမ်း နှင့် သစ်ကတေ (ကြက်ဥတောင်လမ်းများမှာလည်း မိုးရွာသွန်းမှုနှင့် ကုန်တင်ယာဉ်များသွားလာမှုများကြောင့် လမ်းများပျက်ဆီးနေကြောင်းလည်း ကားသမား၏ ပြောကြားချက်များအရ သိရသည်။
“အခု မြဝတီ -ကော့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းက ပြန်ဖွင့်ပေးထားတယ်။ ကားတွေအဲ့ဒီလမ်းကနေပြန်ပြီးသွားလာနေကြတယ်” ဟု မော်လမြိုင် – မြဝတီ ကားသမားတစ်ဦးက ပြောကြားသည်။
ထိုလမ်းဟောင်းအား အသုံးပြုပြီးသွားလာနေကြသည့် မော်တော်ယာဉ်များအနေဖြင့် ယင်းလမ်းကြောင်းပေါ်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများအား ဂိတ်ကြေးဖြစ် ငွေကျပ်သိန်းနှင့်ချီကာပေးကြရကြောင်းလည်း ကုန်သည်များ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှစတင်ကာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြဝတီ – ကော့ကရိတ် အာရှလမ်းသစ် နှင့် မြဝတီ – ကော့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်း တို့အား ပိတ်ထားခဲ့ရပြီး ယမန်နေ့ (၂၀၂၄) ခုနှစ် မေလ (၂၈) ရက်နေ့မှသာ မြဝတီ – ကော့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။