ပြီးခဲ့သည့် မေလ (၂၃) ရက်နေ့ နံနက်စောပိုင်းအချိန်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် မစောတံတားဘေးတွင် ပြုလုပ်ထားသည့် ယာယီမြေသားလမ်းပေါ်မှ ယနေ့ မေလ (၂၇) ရက်နေ့တွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာပြီးဖြစ်ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
အဆိုပါ မစောတံတားဘေးတွင်ပြုလုပ်ထားသည့် ယာယီမြေသားလမ်းပေါ်မှ ကုန်တင်ယာဉ်များ၊ တွဲကားများ ဖြတ်သန်းသွားလာ၍ ရနေပြီးဖြစ်ကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောကြားသည်။
“မစောတံတားပေါ်ကနေလည်း အိမ်စီးကားတွေဖြတ်သန်းလို့ရနေသလို၊ ယာယီမြေသားလမ်းပေါ်ကနေလည်း ကားတွေဖြတ်သန်းသွားလာနေကြပါတယ်။ ဒါပေမယ့် မိုးများရင်တော့ ယာယီမြေသားလမ်းက သိပ်အဆင်မပြေနိုင်ဘူး ချောင်းထဲကို မြေကြီးဖို့းထားတဲ့လမ်းဆိုတော့ ရေစီးနဲ့ မြေကြီးတွေ ပါသွားပြီး ပျက်ဆီးသွားနိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် မေလ (၂၃) ရက်နေ့နံနက်အစောပိုင်းအချိန်က မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု တောင်ကလေးကျေးရွာအထွက် ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ တံတားအရှည် (၁၀၆) ပေ၊ အကျယ် (၂၄) ပေရှိ တံတားအမှတ် (၁/၁၃၀) ဒေသအခေါ် မစောတံတား မှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း နှင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် မစောတံတားမှာ တံတား၏ (၃) ပုံ (၂) ပုံမှာ ချောင်းအတွင်းကျိုးကျပျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့အပြင် မိုင်းခွဲဖျက်ဆီးခံထားရသည့် မစောတံတားချောင်းအတွင်း ဆိုင်ကယ် (၃) စီးပြုတ်ကျခဲ့သည့်အတွက် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား(၁) သေဆုံးကာ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂) ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။