ဘုရားသုံးဆူနယ်စပ်မှ ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်၊ စံခလဘူရီမြို့နယ်အတွင်းသို့ အမှိုက်ကားဖြင့် ခိုးဝှက်လိုက်ပါလာကြသည့် မြန်မာနိုင်ငံသား (၃၀) ဦးအား ထိုင်းအာဏာပိုင်များက လန်တီတံတားဖြူဂိတ်၌ ယမန်နေ့ မေလ (၂၇) ရက်နေ့ နံနက်စောပိုင်းအချိန်က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
ဖမ်းဆီးခံခဲ့ရသူများတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပါဝင်ကြောင်းနှင့် မြန်မာနိုင်ငံသား (၃၀) ဦးအပြင် ထိုင်းနိုင်ငံသားကားသမား (၂) ဦးကိုလည်း ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များ၏ စစ်ဆေးချက်များအရ ၎င်းမြန်မာနိုင်ငံသားများမှာ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်များ၏ ဖေါ်ပြထားချက်များအရ သိရသည်။
စစ်ကောင်စီမှ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်းက ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းခဲ့ပြီးနောက် မြန်မာနိုင်ငံအနှံ့မှ လူငယ်လူရွယ်များ နယ်စပ်ဒေသများကို ထွက်ပြေးကာ အိမ်နီးချင်းနိုင်ငံများသို့ နည်းလမ်းပေါင်းစုံဖြင့် ထွက်ခွာနေခဲ့ကြကြောင်း သိရသည်။