ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်တွင် တံတားများမိုင်းခွဲဖျက်ဆီးခံထားရသဖြင့် စောင့်ဆိုင်းနေကြရသော ကားသမားများနှင့် ခရီးသွားပြည်သူများအား ဘီးလင်းမြို့မှ အလှူရှင်များနှင့် ပရဟိတလူမှုကူညီရေးအသင်းများပူးပေါင်းကာ ထမင်းဗူးများ၊ ရေသန့် နှင့် အစားအစားများ ဝေငှလှူဒါန်းပေးလျက်ရှိကြောင်း သိရကြောင်း သိရသည်။
အလှူရှင်များစုပေါင်းကာ မေလ (၂၆) ရက်နံနက်ပိုင်းက ဘီးလင်းတာယာစက်ရုံမှ နောင်ရိုးဘီးခွန်ဂိတ်အထိ တန်းစီစောင့်ဆိုင်းနေကြရသည့် ကားသမားများ၊ ခရီးသွားပြည်သူများအား မုန့်နှင့် ရေသန့်များ လှူဒါန်းပေးခဲ့ကြောင်း ဘီးလင်းမြို့ခံ ပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“မေလ (၂၇) ရက်နေ့မှာတော့ မစောတံတားထိပ်ကနေ ရွှေသံလွင်တိုးဂိတ်အဟောင်းအထိ စောင့်ဆိုင်းနေကြရတဲ့ ကားသမားတွေ၊ ခရီးသွားပြည်သူတွေကို ထမင်းနဲ့ ဘဲဥဟင်း၊ ငရုတ်သီးကြော်၊ ရေသန့်ဘူးတွေကို ပေးဝေလှူဒါန်းပေးခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ယနေ့မေလ (၂၈) ရက်နေ့တွင် မစောတံတားထိပ်မှ ရွှေသံလွင်တိုးဂိတ်အဟောင်းအထိ စောင့်ဆိုင်းနေကြရသည့် သံဃာတော်များ၊ ကားသမားများနှင့် ခရီးသွားပြည်သူများကိုလည်း ထမင်းနှင့် ဘဲဥဟင်း၊ ငရုတ်သီးကြော်၊ ရေသန့်ဘူးများ ဝေငှလှူဒါန်းပေးခဲ့ကြောင်း၊ အခက်အခဲရှိနေကြသူများအား ထိုသို့ စုပေါင်းအလှူအဖြစ် လှူဒါန်းပေးရသည့်အတွက် ဝမ်းမြောက်ပျော်ရွှင်ပါကြောင်း ၎င်းက ဆက်ပြောသည်။
မစောတံတားထိပ်မှ ဘီးလင်းမြို့အထိ စောင့်ဆိုင်းနေကြရသည့် ကားသမားများ၊ ခရီးသွားပြည်သူများအား ဘီးလင်းမြို့အခြေစိုက် ရှင်သန်ခြင်းနှင့် နာရေးကူညီမှုအသင်း၊ နှလုံးလှလူငယ်ပညာရေးပရဟိတအသင်းတို့မှ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုများဖြင့် ထမင်းဗူးများ၊ ရေသန့် နှင့် မုန့်များ ပေးဝေလှူဒါန်းနေကြခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ (၂၃) ရက်နေ့နံနက်အစောပိုင်းအချိန်က ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ဒေသအခေါ်မစောတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီးသည့်နောက်တွင် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များအနေဖြင့် ဘီးလင်းမြို့နယ် နှင့် သထုံမြို့နယ်အကြားခရီးလမ်းအား နာရီနှင့်ချီပြီး စောင့်ဆိုင်းကာသွားလာနေကြရသည့်အတွက် အစားအသောက်အခက်အခဲများဖြစ်ပေါ်နေကြသည်။