မိုးရွာသွန်းမှုကြောင့် ဒေါနတောင်ကျော်လမ်းသုံးသွယ်တွင် မော်တော်ယာဉ်များ ခက်ခက်ခဲခဲသွားလာနေရကြောင်း ကုန်တင်ယာဉ်မောင်းများ၏ ပြောကြားချက်များအရ သိရသည်။
မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် မြဝတီ – ကော့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်း နှင့် မြဝတီ – ကော့ကရိတ် အာရှလမ်းသစ် များ၌ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက်ကြောင့် မြဝတီဘက်မှ ဒေါနတောင်ကျော်မြေသားလမ်းသုံးသွယ်ဖြစ်သည့် ကျော်ခို့ – ထို့ကော်ကိုးလမ်း၊ ၁၀၁၈ ထီဝါပလောလမ်း နှင့် သစ်ကတေ (ကြက်ဥတောင်လမ်း) တို့မှ ခက်ခဲကြမ်းတမ်းစွာသွားလာနေကြရသည်။
ထိုအခြေအနေတွင် မိုးရွာသွန်းမှုများကြောင့် အဆိုပါ ဒေါနတောင်ကျော်မြေသားလမ်းသုံးသွယ်တွင်လမ်းများပျက်ဆီးသွားသည့်အတွက်ကြောင့် သွားလာရခက်ခဲကာ မော်တော်ယာဉ်များ မကြာခဏ တိမ်းမှောက်မှုဖြစ်ပေါ်နေကြောင်း ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “မြဝတီ – ကော့ကရိတ်အာရှလမ်းသစ်ကရော၊ ဒေါနတောင်ကျော်လမ်းဟောင်းပါ ပိတ်ထားဆဲဖြစ်တော့ ကျော်ခို့ – ထို့ကော်ကိုးလမ်းကသွားလာကြတာများတယ်။ လမ်းကမြေသားလမ်းဆိုတော့ လမ်းကြမ်းတယ်။ ပိုက်ဆံကောက်နေတဲ့ ဂိတ်တွေအရမ်းများတယ်။ ဂိတ်အားလုံးကို ပိုက်ဆံပေးရတယ်။
နောက်ပိုင်းမှာ ကြက်ဥတောင်လမ်းတို့၊ ၁၀၁၈ လမ်းတို့ဆိုပြီး (၂) လမ်းထပ်ပေါ်လာတယ်။ အခု မိုးရွာတော့ အဲ့ဒီလမ်းတွေက ဗွက်ပေါက်ပြီးတော့ သွားလာလို့မရတော့ဘူး။ လမ်းတွေက မြေသားလမ်းတွေဆိုတော့ မိုးတွင်းဆိုရင်တော့ အကုန်ဒုက္ခရောက်နိုင်တယ်”
အလားတူ မော်လမြိုင်မြို့မှ မြဝတီမြို့သို့လာရောက်သည့် ခရီးသွားပြည်သူတစ်ဦးကလည်း “မေလ (၂၄) ရက်နေ့က မော်လမြိုင်ကတက်လာတာ။ ၁၀၁၈ လမ်းကနေလာတယ်။ လမ်းကပျက်နေတော့ ကားကိုထွန်စက်နဲ့ ဆွဲလာရတယ်။ ထွန်စက်ဆွဲခ (၅၀၀၀၀) ကျပ်ပေးလိုက်ရတယ်” ဟု ပြောကြားသည်။
မိုးနှစ်ရက်ခန့်မရွာမှာ လမ်းမြေသားများပြန်မာပြီးသွားလာ၍အနည်းငယ်အဆင်ပြေနိုင်မည်ဖြစ်ကြောင်း နှင့် မိုးဆက်ရွာနေပါက အန္တရာယ်အရမ်းများကြောင်းလည်း ၎င်းကဆိုသည်။
“၁၀၁၈ လမ်းနဲ့ ကြက်ဥတောင်လမ်းကသွားလာနေကြတဲ့ ယာဉ်တွေကို ထွန်စက်တွေ၊ ဆင်တွေနဲ့ ဆွဲတင်ကြရသလို၊ ထို့ကော်ကိုးလမ်းကသွားလာနေကြတဲ့ မော်တော်ယာဉ်တွေကိုလည်း ဆင်တွေ၊ ဘတ်ဟိုးတွေနဲ့ ဆွဲတင်နေကြရတယ်လို့ ကြားသိရတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
လက်ရှိ ဒေါနတောင်ကျော်လမ်းသုံးသွယ်တွင် ကျော်ခို့ – ထို့ကော်ကိုးလမ်းမှာအကောင်းဆုံးနှင့် အနီးဆုံးဖြစ်နေသည်ဟုဆိုသော်လည်း ပိုက်ဆံကောက်ခံနေသည့်ဂိတ်များအလွန်များပြားကြောင်း ကုန်တင်ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
ယခင်က မြဝတီ – ကော့ကရိတ်အာရှလမ်းသစ်မှ သွားလာချိန် (၁) နာရီခန့်သာကြာမြင့်သော်လည်း လက်ရှိ မြဝတီနယ်စပ်မြို့မှ ဒေါနတောင်ကျော်လမ်းသုံးသွယ်မှ သွားလာရာတွင် ရာသီဥတုအခြေအနေကြောင့် ညအိပ်ပြီးသွားလာနေကြရကြောင်း သိရသည်။
Photo Credit – C. H. Phyo Gyi