မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဘုရားဆိပ်ကျေးရွာအုပ်စု၊ တောင်သူဌေးကုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ (၂) ဦးသေဆုံးကာ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ (၂၄) ရက်နေ့၊ မွန်းလွဲ (၁၂) နာရီ (၁၆) မိနစ်အချိန်ခန့်က ဘီးလင်းအခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ – ၃ တပ်ရင်းမှ ပစ်ခတ်ခဲ့သည့် ၁၂၀ – မမ လက်နက်ကြီးကျည် (၈) လုံးမှာ အဆိုပါ တောင်သူဌေးကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစသည်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် တောင်သူဌေးကုန်းကျေးရွာနေ အသက် (၃၅) နှစ်အရွယ် မမိုးမိုးအေး နှင့် အသက် (၃၀) နှစ်အရွယ် မောင်ရဲလင်းဌေး တို့နှစ်ဦးမှာ လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးခဲ့ပြီး၊ ဒေသခံအမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၃) ဦးမှာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူတွေထဲမှာ အသက် (၁၈) နှစ်အောက် လူငယ် (၂) ဦးပါဝင်ပါတယ်။ ဒဏ်ရာရခဲ့တဲ့သူတွေကို နီးစပ်ရာဆေးပေးခန်းမှာ ဆေးကုသမှုပေးထားပါတယ်” ဟု ပြောကြားသည်။
ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့က ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် ဘီးလင်း နှင့် သထုံအခြေစိုက် စစ်ကောင်စီတပ်ရင်းများနှင့် အမြောက်တပ်များမှ ကျုံအိတ်တံတားအနီးဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
မေလ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ဘီးလင်းမြို့နယ်အတွင်းမှ ဒေသခံပြည်သူ (၃) ဦးသေဆုံးခဲ့ကာ၊ (၁၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒေသခံပြည်သူ (၄၀၀၀) ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ထားသည်။
အလားတူ မေလ (၁၇) ရက်နေ့နှင့် (၁၈) ရက်နေ့များကလည်း သထုံနှင့် ဘီးလင်းမြို့နယ် အခြေစိုက် စစ်ကေင်စီတပ်များမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ကလေးငယ် (၂) ဦးအပါအဝင် ဒေသခံပြည်သူ (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ နေအိမ် (၂) လုံးပျက်စီးခဲ့ကြောင်း သိရသည်။