ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ မြန်မာ – ထိုင်း နယ်စပ်စခန်းတစ်ခုဖြစ်သည့် ဖိုးချီးမူးစခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၄၈ ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) က ယနေ့ (မေလ (၂၆) ရက်) တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထိုစခန်းအား ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ SOF နှင့် ပူးပေါင်းတပ်များ က ပြီးခဲ့သည့် မေလ (၁၈) ရက်နေ့ က စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး မေလ (၁၉ ) ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ် ကြောင်း SOF ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ – ထိုင်းနယ်စပ်တွင်ရှိသည့် ဖိုးချီးမူးစခန်းသည် အမှတ် ၁၃ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ၅၅၇၊ ခြေမြန် တပ်ရင်း ၅၆၁ နှင့် အမြောက်တပ် ၃၉၉ တို့မှ ထုတ်နုတ်အင်အားဖြင့် ပူးပေါင်းအထိုင်ချထားသည့်စခန်းဖြစ်ပြီး တိုက်ပွဲများအတွင်း စစ်သား ၂၀ ဦး သေဆုံးကာ၂၆ ဦးမှာ ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားကြောင်း SOF က ဆိုထားသည်။
စခန်းမှ ထွက်ပြေးသည့် စစ်သားတချို့အနေဖြင့် ဆုတ်ခွာပြေးရာလမ်း၌ တွေ့ရှိသည့် ကိုယ်ဝန်ဆောင်တဦးနှင့် အမျိုးသားတဦးတို့အား ပစ်သတ်သွားခဲ့ကြောင်းလည်း SOF က ပြောကြားထားသည်။
ထိုစခန်းသည် ကော့ကရိတ်မြို့နယ်အတွင်း ထိုင်း-မြန်မာ နယ်စပ်ဒေသတလျောက်တွင် နောက်ဆုံးကျန်ရှိသည့် စစ်တပ်စခန်းဖြစ်ပြီး KNLA၊ SOF နှင့် ပူးပေါင်းတပ်များသည် နယ်စပ်ဒေသအား အပြည့်အဝ နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုထားသည်။
ဖိုးချီးမူးစခန်းကို ထိုးစစ်ဆင် မသိမ်းပိုက်မီကတည်းက နယ်စပ်ဒေသရှိ ရေသလျှောက်စခန်း၊ မဲသရောထစခန်းနှင့် ကွီလုံတိုင်စခန်းတို့အား KNLA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ထားပြီးဖြစ်သည်။
Photo Credit – SOF