ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ တံတား နှစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံထားရသည့်အတွက် မွန်၊ ကရင်၊ တနင်္သာရီဘက်မှ ကုန်စည်များ ရန်ကုန်ဘက်သို့ ကုန်ပစ္စည်းများတင်ပို့ရာတွင် နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်နေကြောင်း ကုန်တင်ယာဉ်မောင်းများက ပြောသည်။
ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီးနောက် မေလ (၁၃) ရက်နေ့မှစတင်ကာ ထိုကျုံအိတ်တံတားဘေးတွင် ယာယီမြေသားရှောင်ကွင်းလမ်းပြုလုပ်ခဲ့ကြောင်း၊ မော်တော်ယာဉ်များ ပြန်လည်သွားလာ၍ ရသည့်အခြေအနေမျိုးဖြစ်သွားခဲ့သော်လည်း ပြီးခဲ့သည့် မေလ (၂၃) ရက်နေ့က ဘီးလင်းမြို့နယ်ရှိ မစောတံတား ထပ်မံမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် ကုန်စည်စီးဆင်းမှုခေတ္တပြတ်တောက်သွားပြန်ကြောင်း ယာဥ်မောင်းသမားတစ်ဦးက ဆိုသည်။
“မစောတံတား ဖျက်ဆီးခံရပြီးနောက်တော့လည်း ကားတွေက ကျေးရွာချင်းဆက်လမ်းတွေ၊ ခရိုင်ချင်းဆက်လမ်းတွေက သွားလာနေကြရတာဘဲလေ။ တချို့ကားသေးတွေကတော့ မစောတံတားပေါ်က မပျက်ဆီးဘဲ ကျန်ခဲ့တဲ့အပိုင်းကနေ သွားလာနေကြတာမျိုးတော့ရှိတယ်။ ဒါပေမယ့် အရမ်းအန္တရာယ်များတယ်။ ကျနော်တို့ ကားသမားတွေအနေနဲ့က ရွေးချယ်စရာက သိပ်မရှိဘူး။ မဖြစ် ဖြစ်တဲ့လမ်းကနေ မဖြစ် ဖြစ်အောင်သွားလာနေကြရတာပေါ့ဗျာ” ဟု ၎င်းကုန်တင်ယာဉ်မောင်းက ဆက်ပြောသည်။
ကျေးရွာချင်းဆက်လမ်းများမှ မော်တော်ယာဉ်များ သွားလာခဲ့ကြရသည့်အတွက် ယာဉ်ကြောပိတ်ဆို့နေမှုများကြောင့် ယခင်က ရန်ကုန် – မော်လမြိုင်ခရီးအား နေ့ချင်းပြန်ခရီးသွားလာခဲ့ကြရာမှ ရန်ကုန် – မော်လမြိုင်ခရီးအား (၃) ရက်ကြာသွားလာနေခဲ့ရကြောင်း ရန်ကုန် – မော်လမြိုင်မြိုင် ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
“ကျေးရွာချင်းဆက်လမ်းထဲမှာ မော်တော်ယာဉ်ပေါင်းစုံသွားလာနေကြရတော့ လမ်းတွေကြပ်ပြီး လမ်းပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့တယ်။ တွဲကားတွေ၊ (၁၂) ဘီးကားတွေပါ သွားလာနေကြရတော့ လမ်းက ပိတ်ကုန်ရော။ အဲ့ဒီအတွက် လမ်းမှာဘဲ (၂) ည၊ (၃) ညလောက်အိပ်လိုက်ရတဲ့အခြေအနေမျိုးတွေဖြစ်သွားတယ်” ဟု ပြောကြးသည်။
လက်တလော မိုးရွာသွန်းမှုအခြေအနေများကြောင့် ကျုံအိတ်တံတား ယာယီမြေသားရှောင်ကွင်းလမ်းမှာ မြေကြီးနစ်ဝင်မှုများဖြစ်ပေါ်နေသည့်အပြင် ကျေးရွာချင်းဆက်လမ်းများ၊ ခရိုင်ချင်းဆက်လမ်းများတွင်လည်း မြေသားလမ်းပျက်စီးလာသည့်အတွက် မော်တော်ယာဉ်များအနေဖြင့် အခက်အခဲများကြားမှ သွားလာနေကြရကြောင်းလည်း ခရီးသွားပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
“ရန်ကုန်ကဆင်းလာတဲ့ ကားတွေက ကျိုက်ထိုမြို့ဘက်ကနေ ဘီးလင်းမြို့ဘက်အဝင် မြို့ဝင်ကြေးကောက်တဲ့ ဂိတ်ကစပြီးကားတွေက ပိတ်နေတယ်။ ပိတ်တာတောင်လမ်းက (၂) ထပ်ပိတ်နေတာ။ သထုံဘက်ကိုဆက်သွားဖို့အတွက်ကို အရင် ရွှေသံလွင်တိုးဂိတ်အဟောင်းကနေ ကားတွေကို အစီး (၃၀) တစ်သုတ် လွတ်ပေးနေတာမျိုးရှိတယ်။ မိုင်းခွဲခံထားရတဲ့နေရာတွေမှာ ကားတွေပိတ်မနေအောင်လို့တော့ ပြောတယ်။ ဒီလိုအခြေအနေမျိုးမှာ အရေးကြီးကိစ္စမရှိဘဲ ခရီးသွားလာကြတာမျိုးမလုပ်တာကောင်းမယ်လို့ အကြံပြုချင်ပါတယ်” ဟု ရန်ကုန် ဘက်မှ မော်လမြိုင်သို့ လာရောက်သည့် ခရီးသွားပြည်သူတစ်ဦးက ပြောကြားသည်။
မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတားအား မေလ (၂၃) ရက်နေ့မွန်းလွဲပိုင်းအချိန်မှစတင်က ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီ က ယာယီဘေလီတံတားထိုးသည့် လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီးဖြစ်ကြောင်း နှင့် လာမည့်မေလ (၂၇) ရက်နေ့တွင် ယာယီဘေလီတံတားပေါ်မှ မော်တော်ယာဉ်များ ပြန်လည်သွားလာနိုင်မည်ဖြစ်ကြောင်း သထုံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။