သထုံမြို့နယ် ကလိကျွန်းရွာ နှင့် ကျွန်းချောင်းရွာကြားရန်ကုန် – မော်လမြိုင်ရထားလမ်းရှိ တံတားတစ်စင်းမှာ ယမန်နေ့ မေလ (၂၀) ရက်နေ့ ည ၉ နာရီအချိန်ခန့်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဖောက်ခွဲမှုကို KNU/ PDF အဖွဲ့များက လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်များက ရေးသားသည်။
ဒေသခံတစ်ဦးက “မနက်ကမှ ကလိကျွန်းရွာ နှင့် ကျွန်းချောင်းရွာကြားက ရထားတံတား မိုင်းခွဲခံရတာလို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့်မော်လမြိုင် – ရန်ကုန်သွား ရထားလမ်း မိုင်တိုင် အမှတ် (၁၂၄/၉)နှင့် (၁၂၄/၁၀)အကြား၊ အရှည်(၆၀)ပေ အကျယ်(၃)ပေရှိ တံတားအမှတ်(၇၈) ပေါ်ရှိ မီးရထာသံလမ်း ဘယ်/ညာ (၁) ပေခွဲခန့်စီ (၂)နေရာပျက်ထွက်ခဲ့ပြီး အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆောင်ရွက်နေကြောင်း မော်လမြိုင်ဘူတာကြီး မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဒီနေ့ (မေလ (၂၁) ရက်) ရန်ကုန်ကို ထွက်ခွာမယ့် ရထားခရီးစဉ်တွေ ရထားထွက်ခွာချိန် နောက်ဆုတ်ထားပါ တယ်။ ပျက်ဆီးသွားတဲ့ ရထားလမ်းပိုင်း ပြုပြင်ပြီးသွားရင်တော့ ရထားခရီးစဉ်တွေ ပုံမှန် ပြေးဆွဲ ပေးသွားမှာပါ” ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီလ (၁၀) ရက်နေ့ မနက်ပိုင်းအချိန်ကလည်း သထုံမြို့နယ် ရန်ကုန် – မော်လမြိုင်ရထားလမ်း သိမ်ဆိပ်ဘူတာ နှင့် ဒုံဝန်းဘူတာကြားတွင် မိုင်းကာတွဲ (၁) တွဲ၊ ရထားစက်ခေါင်းတွဲ (၁) တွဲ၊ နားနေတွဲ (၁) တွဲ နှင့် ကျောက်တင်ကုန်တွဲ (၁၇) တွဲပါရှိသည့် ကျောက်တင်ကုန်ရထားမှာ ဇင်းကျိုက်ဘူတာမှ ဘီးလင်းဘူတာဘက်သို့ ခုတ်မောင်းသွားစဉ် သိမ်ဆိပ်ဘူတာအထွက် ရထားမိုင်းတိုင်အမှတ် (၁၂၅/၂) နှင့် (၁၂၅/၃) ကြား တံတားအမှတ် (၇၉) အနီး (လှည်းကူးလမ်း) တွင် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသေးသည်။