စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းခဲ့ပြီးသည့်နောက် မွန်ပြည်နယ်အတွင်းရှိ ရွှေ့ပြောင်းလုပ်သားများအတွက် ငွေကြေးဖြင့် ငှားရမ်းကာ စစ်မှုထမ်းအငှားလိုက်သည့် ဈေးကွက်ဖြစ်ပေါ်နေကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ စစ်မှုထမ်းဆောင်ရမည့် စာရင်းများလိုက်လံကောက်ယူနေချိန်တွင် စစ်မှုမထမ်းချင်သည့် လူငယ်များအနေဖြင့် တိမ်းရှောင်မှုများရှိခဲ့သည့်အတွက် ယခုကဲ့သို့ ရွှေ့ပြောင်းလုပ်သားများဖြင့် အစားထိုးမှုများရှိလာခြင်း ဖြစ်သည်။
မိမိတို့ကျေးရွာမှ စစ်မှုထမ်းရန်အတွက် လူ (၂) ယောက်သတ်မှတ်ထားသည့်အတွက် ဒေသခံများကိုယ်စား ရွေ့ပြောင်းလုပ်သား (၂) ဦး စေလွှတ်ရမည်ဖြစ်သည့်အတွက် တစ်ဦးလျှင် ကျပ်သိန်း (၂၀) နှုန်းပေးရမည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးမှ ပြောကြားလာပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်တစ်အိမ်လျှင် (၁၀၀၀၀) ကျပ်နှုန်းကောက်ခံသွားသည်ဟု သံဖြူဇရပ်မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။
“အရင်ခေတ်က ပေါ်တာအငှားလိုက်တဲ့ ပုံစံမျိုးပေါ့ဗျာ။ တစ်အိမ်ဘယ်လောက်ထည့်၊ ပြီးတော့ လူစားလိုက်မယ့်သူကို လိုက်ငှားကြတာပေါ့။ ကျနော်တို့ဘက်မှာက ရွှေ့ပြောင်းလုပ်သားတွေရှိတော့သူတို့ကိုဘဲ ငှားရမ်းကြရတာ။ အခုဆို ဈေးကွက်တစ်ခုလိုဖြစ်နေပြီး” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
လက်ရှိ စစ်မှုထမ်း အငှားဈေးကွက်အတွင်း လူစားထိုးရန်အတွက် ပေါက်ကြေးမှာ ကျပ်သိန်း (၂၀) မှ ကျပ်သိန်း (၅၀) အထိ ပေါက်ဈေးရှိကြောင်း နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း စစ်မှုထမ်းငှားရမ်းရန် ရပ်ရွာများအတွင်း ငွေကြေးလိုက်လံကောက်မှုများလုပ်ဆောင်နေပြီး ယင်းကိစ္စအပေါ် ခါတော်မှီ လုပ်စားနေကြကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
မွန်ပြည်နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာစုစုပေါင်း (၄၆၈) ခုရှိပြီး၊ စစ်မှုထမ်းအပတ်စဉ်တစ်ခုအတွက် ရပ်ကွက်နှင့်ကျေးရွာတစ်ခုစီမှ လူတစ်ဦးနှုန်း စစ်မှုထမ်းရန်အတွက် စာရင်းပေးရန် ညွန်ကြားထားကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။
ထိုကဲ့သို့ ရွှေ့ပြောင်းလုပ်သားများအား စစ်မှုထမ်းရန် ငှားရမ်းစေခိုင်းနေသည့်အတွက် လုပ်သားရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေကြရကြောင်း သံဖြူဇရပ်မြိုနယ်အတွင်းရှိ ရေလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
“စစ်မှုထမ်းဥပဒေအသက်သွင်းလိုက်ပြီးကတည်းက အသက် (၁၈) နှစ်နဲ့အထက်လူငယ်အတော်များများ အလုပ်ကထွက်ပြီး တခြားနိုင်ငံဘက်ကို ထွက်သွားကြလို့ အလုပ်သမားတွေ တော်တော်လျော့သွားတယ်။ အခုလည်း ရေလုပ်သားတချို့က စစ်မှုထမ်းဖို့ လိုက်သွားကြတော့ အလုပ်သမားတွေ ထပ်ပြီးလျော့သွားတယ်။ အလုပ်သမားတွေမရှိရင်တော့ လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲအများကြီးကြုံတွေ့နိုင်တယ်။ အခုလည်း ကြုံတွေ့နေရပြီး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မွန်ပြည်နယ်အတွင်း ရွေ့ပြောင်းလုပ်သား (၇၀၀၀၀) ကျော်ရှိပြီး၊ ဧရာဝတီ နှင့် ပဲခူးတိုင်းဒေသကြီးဘက်မှ လာရောက်ကြသည့် ရွှေ့ပြောင်းလာကြသည့် ရွှေ့ပြောင်းလုပ်သားများဖြစ်ကြကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဦးစီးဌာနမှ စာရင်းများအရ သိရသည်။
မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဧပြီလ (၁၃) ရက်နေ့က သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဝဲကလိကျေးရွာအခြေစိုက် အမှတ် (၄) တပ်မတော်တန်းမြင့်သင်တန်းကျောင်းတွင် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁) အား လူငယ် လူရွယ်အင်အား (၂၀၀) ကျော်ဖြင့် သင်တန်းပေးနေပြီး၊ ပြီးခဲ့သည့် မေလ (၁၄) ရက်နေ့က ပြည်သူ့စစ်မှုထမ်း အမှတ် (၂) အဖြစ် သင်တန်းများ ဆက်လက်ပေးနေပြီးဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။