သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အစပ် ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားဘေးတွင်ပြုလုပ်ထားသော ယာယီမြေသားလမ်းလွှဲမှာ မိုးရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်နေပြီး သွားရေးလာရေးခက်ခဲနေကြောင်း မော်တော်ယာဉ်မောင်းများထံမှ သိရသည်။
ယမန်နေ့ညပိုင်းက မိုးရွာသွန်းမှုကြောင့် အဆိုပါ ကျုံအိတ်တံတားဘေးတွင် ပြုလုပ်ထားသော ယာယီမြေသားလမ်းလွှဲမှာ မြေသားများပျော်ကျကာ ကားကြီးများဖြတ်သန်းသွားပြီးနောက် လမ်းမြေသားများနစ်ဝင်ပြီး ကားလေးများ သွားလာရ ခက်ခဲသွားကြောင်း မော်တော်ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
“ကားလေးတွေ ဗိုက်မလွတ်တော့ဘူး။ မြေကြီးထပ်ဖို့မှရမယ့်သဘောမျိုးဖြစ်နေတယ်။ ကားကြီးတွေကတော့ ဖြတ်လို့ရသေးတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
အဆိုပါ ယာယီမြေသားလမ်းလွှဲမှ မော်တော်ယာဉ်များတစ်လှည့်စီ ဖြတ်သန်းခွင့်ပြုထားသည့်အတွက် ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ် အိမ်စီးကားများ၊ ကုန်တင်ယာဉ်များ၊ တွဲကားများ အစရှိသည်ဖြင့် မော်တော်ယာဉ်များ ရာနှင့်ချီပြီးစောင့်ဆိုင်းနေကြရကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့ နံနက်စောပိုင်းအချိန်က အဆိုပါ ကျုံအိတ်တံတားမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရကြောင်း သိရသည်။