ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့ မွန်းတည့်ချိန်ကဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများနှင့် မိုင်းပေါက်ကွဲမှုများနှင့် ဆက်စပ်ပြီး လက်နက်အရောင်းအဝယ်ပြုလုပ်သူထံမှ လက်နက်မျိုးစုံ အလက် (၁၀၀) ခန့်အား DKBA အဖွဲ့မှ သိမ်းဆည်းသွားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
ထို မေလ (၁၁) ရက်နေ့ မွန်းတည့် (၁၂) နာရီအချိခန့်က ဘုရားသုံးဆူမြို့၊ ဥဒေါင်းကန်ရပ်ကွက် (၈) လမ်းထောင့်နေ BGF တပ်ဖွဲ့ဝင် အောင်ခိုင်ဦး (ခ) ကတုံး ဆိုသူ၏ နေအိမ်အား KNU နှင့် DKBA တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ ညှိနှိုင်းစစ်ဆေးမှုများလုပ်ဆောင်ရန် သွားရောက်ခဲ့ရာမှ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲမှုများကြောင့် KNU ၊ DKBA နှင့် BGF တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင် (၁၅) ဦးခန့် သေဆုံးခဲ့သည်ဟု ကြားသိရကြောင်း ဘုရာသုံးဆူမြို့ခံတစ်ဦးက ပြောကြားသည်။
“အောင်ခိုင်ဦး က သူ့နေအိမ်ခြံဝင်မှာ ရှေ့ထွက်မိုင်းတွေ ဆင်ထားတာ။ ပစ်ခတ်မှုတွေဖြစ်ပြီးတော့ မိုင်းပေါက်ကွဲမှုတွေဖြစ်ပြီးတော့မှ မိုင်းတွေဆင်ထားတာကို သိကြတာ” ဟု ၎င်းမြို့ခံက ပြောသည်။
ထိုသို့ ပစ်ခတ်မှုများနှင့် မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးသည့်နောက် DKBA တပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာပြီး အောင်ခိုင်ဦး (ခ) ကတုံး၏ နေအိမ်ခြံဝင်းအတွင်း ရှင်းလင်းမှုများလုပ်ဆောင်ခဲ့ပြီးနောက် လက်နက်မျိုးစုံ အလက် (၁၀၀) ခန့်နှင့် ရွှေထည်ပစ္စည်းများကို သိမ်းဆည်းသွားခဲ့သည်ဟု ကြားသိရကြောင်း ၎င်းမြို့ခံက ဆိုသည်။
ပစ်ခတ်မှုများနှင့် မိုင်းပေါက်ကွဲမှုများကြောင့် သေဆုံးခဲ့ကြသူများအထဲတွင် KNU တပ်မဟာ (၆) တပ်မဟာမှူးဟောင်းဖြစ်သူ ဗိုလ်မှူးချုပ် ဆာမိ ၏ မြေးဖြစ်သူ ပါဝင်သွားကြောင်း DKBA နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
လက်ရှိတွင် အောင်ခိုင်ဦး (ခ) ကတုံး အား DKBA မှ ခေါ်ဆောင်ထားပြီး ထိန်းသိမ်းထားကြောင်းလည်း ၎င်း DKBA နှင့် နီးစပ်သူက ပြောကြားသည်။
အောင်ခိုင်ဦး (ခ) ကတုံး မှာလည်း ကရင်နယ်ခြားစောင့်တပ် BGF နှင့် ပတ်သက်ဆက်နွယ်မှုမရှိကြောင်းလည်း ဘီဂျီအက်ဖ် တာဝန်ရှိသူများက ငြင်းဆိုထားကြသည်။
လက်ရှိ ဘုရားသုံးဆူမြို့အား ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA အဖွဲ့မှ ဦးစီးကာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA – (PC) ၊ ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် မွန်ပြည်သစ်ပါတီ (NMSP) စသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းကာ မြို့လုံခြုံရေးဆောင်ရွက်ပေးနေကြောင်း နှင့် စစ်တပ်မှာ တပ်ကုန်းအတွင်းထဲတွင်သာ ရှိကြောင်း မြို့ခံများထံမှ သိရသည်။