ရန်ကုန် – မော်လမြိုင် အစုန်/အဆန် ရထားခရီးစဉ်များအား ယမန်နေ့ မေလ (၁၇) ရက်နေ့ မှ စတင်ကာ ပုံမှန်အတိုင်းပြေးဆွဲနေကြောင်း၊ မေလ (၁၆) ရက်နေ့ညနေပိုင်းအချိန်တွင် လမ်းချော်ခဲ့သည့် ရထားစက်ခေါင်းနှင့် ရိုးရိုးတန်းအတွဲ (၁) တွဲတို့အား ပြန်လည် “မ” တင်ခြင်း၊ ရထားလမ်းများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများလုပ်ဆောင်ခဲ့ပြီးနောက် မေလ (၁၇) ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်မှစတင်ကာ ရထားလမ်းပြန်ပွင့်သွားပြီးဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ရထားခရီးစဉ်တွေကိုတော့ ယာယီရပ်နားလိုက်တာမျိုးတော့မရှိဘူး။ မနေ့ (မေလ (၁၇) ရက်) က ရထားခရီးစဉ်တွေကိုလည်း ပုံမှန်အတိုင်းဘဲပြေးဆွဲပေးခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။
အဆိုပါ ရထားစက်ခေါင်းလမ်းချော်မှုကြောင့် ရထားလမ်းကြောင်းများ ပိတ်ဆို့နေချိန်တွင် ရန်ကုန် – မော်လမြိုင် အစုန်/ အဆန် ရထားခရီးစဉ်များမှ ရထားစီးခရီးသည်များအား ခရီးစဉ်နှောက်နှေးမှုမရှိစေရန်အတွက် ရထားတွဲချိန်းပေးခြင်းများလုပ်ဆောင်ပေးခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် မေလ (၁၆) ရက်နေ့ မွန်းလွဲပိုင်းအချိန်က မော်လမြိုင်ဘူတာကြီးမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာလာသည့် အမှတ် (၈၂) အစုန် မော်လမြိုင် – ရန်ကုန် ရထားမှာ ကျိုက်ထိုမြို့နယ် ကျိုက္ကာဘူတာအဝင် ရထားမိုင်တိုင်အမှတ် (၉၀/၁၀) နှင့် (၉၀/၁၁) ကြားတွင် ရထားစက်ခေါင်း နှင့် ရိုးရိုးတန်းအတွဲ (၁) တွဲတို့ လမ်းချော်မှုဖြစ်ပွားခဲ့ပြီးနောက် ရထားလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့ နံနက်စောပိုင်းအချိန်က မွန်ပြည်နယ် သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အစပ် ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် ကားလမ်းမှ သွားရေးလာရေးအခက်အခဲများရှိခဲ့သည့်အတွက် ရထားစီးခရီးသည်များ တိုးတက်များပြားလာခဲ့သည့် အတွက်ကြောင့် ရန်ကုန် – မော်လမြိုင် ရထားခရီးစဉ်အား ယခင်က အစုန်/အဆန် ရထားနှစ်စီးဖြင့် ပြေးဆွဲပေးခဲ့ရာမှ မေလ (၁၃) ရက်နေ့မှစတင်ကာ အစုန်/အဆန် ရထားခရီးစဉ်အား ရထား ၄ စီးဖြင့် ခရီးစဉ်တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။