မော်လမြိုင်-ရန်ကုန် အမှတ် (၈) ကားလမ်းမကြီးမှ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာသို့သွားသည့်လမ်းသွယ်၊ ရေဝေကျေးရွာဆိုင်းဘုတ်အနီး၌ ရပ်ထားသော ခရီးသည်တင်ယာဥ်ငယ်ပေါ်သို့ ယမန်နေ့ (မေလ ၁၅) မွန်းလွဲပိုင်းအချိန်က Drop Bomb (၂) လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါခရီးသည်ယာဉ်ငယ် တစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။
ဒေသခံက ” Drop Bomb တစ်လုံးက ကားပေါ်ကိုကျပြီးရောက်ပေါက်ကွဲတယ်။ နောက်တစ်လုံးက ကားအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာပါ။ လူထိခိုက်မှု မရှိပေမယ့် ကားမီးလောငိပျက်စီးသွားတယ်။ ကားမီးလောင်နေတာကို ကားသမားတွေရော၊ ခရီးသည်တွေရော၊ ဒေသခံတွေပါ ဝိုင်းငြှိမ်းလိုက်ကြတယ်” ဟု ဆိုသည်။
မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ မည်သည့်ရည်ရွယ်ချက်ဖြင့် အဆိုပါ ယာဥ်ငယ်အား Drop Bomb ၂ လုံးဖြင့် တိုက်ခိုက်ခဲ့သည်ကို မသိရပေ။
အဆိုပါ ခရီးသည်တင်ယာဉ်ငယ်မှာ ပြည်မြို့နေ အသက် (၄၀) နှစ်အရွယ် ကိုအာကာမြင့် ဆိုသူ မောင်းနှင်သော ရန်ကုန် – မြဝတီ ပြေးဆွဲသည့် ပြည့်အားမာန် ယာဉ်လိုင်းမှ HIGER အမျိူးအစား အဖြူရောင် (အန်စာတုံး) ယာဉ်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ (၁၃) ရက်နေ့ကလည်း ကျုံအိတ်တံတား ရှောင်ကွင်းလမ်းအဖြစ် အသုံးပြုနေသည့် ကျေးရွာချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ခရီးသွားပြည်သူ နှစ်ဦးသေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။