ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတားပေါ်မှ ယနေ့ မေလ (၁၅) ရက်နေ့ နံနက်ပိုင်းအချိန်က ဘီးလင်းဘက်မှ သထုံမြို့နယ်ဘက်သို့ မော်တော်ယာဉ်ငယ်များ ဖြတ်သန်းခွင့်ပြုထားကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
အဆိုပါ ကျုံအိတ်တံတားအား ယာယီပြုပြင်ပြီးနောက် တံတားပေါ်မှ မော်တော်ယာဉ်ငယ်များအား ဖြတ်သန်းခွင့်ပြုထားကြောင်း နှင့် အနိမ့်ကားများ သွားလာ၍ မရသေးကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောကြားသည်။
“လောလောဆယ် ရန်ကုန်ဘက်ကအဆင်းပေါ့ဗျာ၊ ဘီးလင်းဘက်ကနေ သထုံဘက်ကို ကားငယ်တချို့တော့ သွားလို့ရတယ်။ ပြိုကျနေတဲ့တံတားအပိုင်းကို ပြန်ပြင်ထားတာဆိုတော့ ကားကြီးတွေတော့ သွားလို့မရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။
ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသောကြောင့် မော်တော်ယာဉ်များအနေဖြင့် ကျေးရွာချင်းဆက်လမ်းများမှသာ သွားလာနေရကြောင်း၊ လမ်းကျဉ်းခြင်းနှင့် တိုက်ပွဲများဖြစ်ပွားနေခြင်းတို့ကြောင့် အသက်နှင့် ရင်း၍ သွားလာနေကြရသည့်သဘောမျိုးဖြစ်နေကြောင်း ခရီးသွားပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
ထိုကျုံအိတ်တံတားအား ပြန်လည်ပြုပြင်ရန်အတွက် လမ်းလွှဲပြုလုပ်ခြင်းလုပ်ငန်း နှင့် ယာယီဘေလီတံတားထိုးခြင်းလုပ်ငန်းများအား သက်ဆိုင်ရာမှ လုပ်ဆောင်နေစဉ် မေလ (၁၃) ရက်နေ့မနက်ပိုင်းက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရပြီးနောက် လုပ်ငန်းများ ရပ်ဆိုင်းကာ တံတားပြုပြင်မည့်အဖွဲ့များ ပြန်လည်ဆုတ်ခွာထားရကြောင်းလည်း သက်ဆိုင်ရာ သထုံခရိုင်လမ်းဦးစီးဌာနထံမှ သိရသည်။
သထုံမြို့နယ် ကျိုက္ကော်၊ မိုးကောင်းဘက်မှ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာဘက်သို့ ကျေးရွာချင်းဆက်လမ်းများမှတဆင့် မော်တော်ယာဉ်များသွားလာနေကြနေကြရကြောင်း နှင့် ယမန်နေ့ မေလ (၁၄) ရက်နေ့မွန်းလွဲ (၂) နာရီအချိန်ခန်က ယင်းလမ်းကြောင်းပေါ်တွင်တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက်ကြောင့် ထိုလမ်းကြောင်းအား ယာယီပိတ်ထားခဲ့ပြီး ညနေပိုင်းမှသာ ပြန်ဖွင့်ပေးခဲ့ကြောင်းလည်း ခရီးသွားပြည်သူများထံမှ သိရသည်။