ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဟွေ့မွမ့် ကျေးရွာ တွင် ဆေးစွဲနေသည့် မြန်မာလူငယ်တစ်ဦးက ဆေးဖိုးငွေတောင်းမရသည့်အတွက် မိခင်အရင်းဖြစ်သူအား ဓါးနှင့်ထိုးသတ်ပြီး အလောင်းအား မီးရှို့ခဲ့ကြောင်း ထိုင်းဘက်မှ လာသည့် သတင်းများအရ သိရသည်။
ပြီးခဲ့သည့် မေလ (၁၃) ရက်နေ့ နံနက်ပိုင်းက အဆိုပါ မဲဆောက်မြို့၊ ဟွေ့မွမ့်ကျေးရွာ ဆူးပုတ်စက်ရုံအနီးနေ အသက် (၂၃) နှစ်အရွယ် နိုင်မင်းထွေး အမည်ရဿိသော မြန်မာလူငယ်တစ်ဦးက အသက် (၄၉) နှစ်အရွယ် မိခင်အရင်းဖြစ်သူ ဒေါ်မိဆန်း ထံ ဆေးသုံးရန်အတွက် ငွေတောင်းရာမှ မိခင်ဖြစ်သူက ငွေမပေးသည့်အတွက် စကားများရန်ဖြစ်ပြီးနောက် သားဖြစ်သူက မိခင်ဖြစ်သူအား ဓါးဖြင့်ထိုးသတ်ခဲ့ပြီးနောက် မီးရှို့ကာအလောင်းဖျောက်ဖျက်ရန် ကြိုးစားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းရဲတပ်ဖွဲ့ဘက်ကလည်း သားဖြစ်သူ နိုင်မင်းထွေးအား ယင်းနေ့ ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ပြီး အရေးယူထားကြောင်း ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရသိရသည်။
ရေခြားမြေခြား တခြားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့မှုမှာ ပုံရိပ်များစွာထိခိုက်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးက ပြောကြားသည်။
“သူများနိုင်ငံမှာ ဒုက္ခပေါင်းစုံနဲ့ နေထိုင်အလုပ်လုပ်ကိုင်နေကြရတဲ့အထဲအခုလိုဖြစ်စဉ်တွေကြောင့်လည်း ကိုယ့်မြန်မာနိုင်ငံသားတွေအပေါ် ယုံကြည်မှုက ကျဆင်းလာနိုင်လို့ ဆင်ဆင်ခြေခြေနေထိုင်လုပ်ကိုင်စေချင်ပါတယ်”
သေဆုံးခဲ့သူ၏ ခင်ပွန်းဖြစ်သူ အလုပ်မှပြန်ရောက်လာချိန်တွင် နေအိမ်အတွင်း ဓါးဖြင့်အထိုးခံရပြီးနောက် မီးရှို့ခံရကာ သေဆုံးနေသည့် ဇနီးဖြစ်သူအား တွေ့ရှိရပြီးနောက် ထိုင်းရဲတပ်ဖွဲ့ထံ အကြောင်းကြား တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း လည်း ထိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။
Photo Crd;Thai News..