ရေးမြို့နယ်မြောက်ပိုင်း၊ မော့ကနင်ကျေးရွာအခြေစိုက် အမတ- ၃၁၇ အမြောက်တပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ခြံခုတ်နေသည့် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မေလ (၁၁) ရက်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်က အမြောက်တပ် – ၃၁၇ မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း နှင့် အဆိုပါ အမြောက်တပ်အနီးရှိ ခြံအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ခြံအတွင်း ခြံခုတ်နေသည့် အသက် (၅၆) နှစ်အရွယ် ဦးစံထွန်းဆိုသူသည် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရသွားသည်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
“ဦးစံထွန်း ရဲ့ ပခုံးနဲ့ ကျောမှာ ပေါက်သွားတယ်။ ကျောဘက်ကဒဏ်ရာကနက်တယ်။ ခြံမှာက အလုပ်သမားနှစ်ယောက်ရှိနေတာ။ သူတစ်ယောက်ပဲထိသွားတာ” ဟု ၎င်းက ဆိုသည်။
အမြောက်တပ် – ၃၁၇ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်မီးရှို့မည်ဟု သတင်းထွက်နေသည့်အတွက် အမြောက်တပ်ဘက်က ယခုလို လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်နေခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။
လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရသူ ဦးစံထွန်းအား လမိုင်းဆေးရုံသို့ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။
အဆိုပါ မော့ကနင်ကျေးရွာ အခြေစိုက် စစ်ကောင်စီအမြောက်တပ် – ၃၁၇ မှ လက်နက်ကြီးဖြင့် လူနေကျေးရွာဘက် မကြာခဏပစ်ခတ်လေ့ရှိပြီး ဒေသခ့ပြည်သူများ ထိခိုက်မှုလည်း ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် မတ်လ (၂၇) ရက်နေ့ကလည်း မော့ကနင် အခြေစိုက် အမြောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကုန်းပေါ်ရွာမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ သေးသည်။
ရေးမြို့နယ်မြောက်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုနှင့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသတွင်းက ရော်ဘာခြံလုပ်ငန်းများ ရပ်နားထားရသည့် အခြေအနေရှိကြောင်း ဒေသခံများထံမှ သိရသည်။