မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားအား ယမန်နေ့ (မေ-၁၂) နံနက်ပိုင်းအချိန်က မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ကြရာ အမြန်ဆုံးပြင်ဆင်ဆောင်ရွက်နိုင်ရန် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက သက်ဆိုင်ရာဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီတို့အား တိုက်တွန်းပြောဆိုလိုက်သည်။
ကျုံအိတ်တံတားပြိုကျပျက်စီးသွားသည့်အတွက် လူနှင့် ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာရန် အခက်အခဲများဖြစ်ပေါ်နေသည့်အတွက် ယာယီလမ်းလွှဲ နှင့် မူလပျက်ဆီးသွားသည့် တံတားနေရာအား ဘေလီတံတားအသစ်အမြန်ဆုံးတည်ဆောက်နိုင်ရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှုရပ်တန့်မှုမရှိစေရန်၊ လူနှင့် ယာဉ်ကြီး၊ ယာဉ်ငယ်များ အမြန်ဆုံး သွားလာဖြတ်သန်းနိုင်ရန်၊ တံတားပျက်စီးနေမှုအား သက်ဆိုင်ရာဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အမြန်ဆုံးပြင်ဆင်ဆောင်ရွက်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ် က တိုက်တွန်းမှာကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ (၁၁) ရက် နံနက်အစောပိုင်းအချိန်က သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အစပ် ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရာ ယခင်က မိုင်းခွဲခံရပြီး ကျန်ရစ်ခဲ့သည့် တံတားတစ်ခြမ်းနှင့် ဘေလီတံတားထိုးထားသည့် အခြမ်းပါပြိုကျ ပျက်ဆီးခဲ့ပြန်သည်။
ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် လတ်တလော မော်တော်ယာဉ်များအနေဖြင့် ကျေးရွာချင်းဆက်လမ်းများမှတဆင့် သွားလာလျက်ရှိကြောင်း၊ လမ်းကျဉ်းခြင်း နှင့် မော်တော်ယာဉ်များစုပြုံတိုးဝင်နေမှုများကြောင့် လမ်းကြောပိတ်ဆို့မှုဖြစ်ပွားနေကြောင်း ခရီးသွားပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။