ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသ၌ BGF တပ်ရင်းအသစ်တစ်ခု ထပ်မံဖွင့်လှစ်မည့်အစီအစဥ်ကို KNU က တားမြစ်ခဲ့ရာမှ ပြီးခဲ့သည့် မေလ (၁၀) ရက်နေ့ ပစ်ခတ်မှုအတွင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF မှ အရေးပါသူ ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းသွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
သို့ရာတွင် ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်ရပ်ကွက်က BGF အဖွဲ့၀င်ဟောင်း ကိုအောင်ခိုင်၏ နေအိမ်မှာ ယမ်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA)နှင့် အပြန်အလှန် ပစ်ခတ်မှုမှာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) နှင့် သက်ဆိုင်ခြင်းမရှိကြောင်း BGF အဖွဲ့ပြောခွင့်ရသူ ဗိုလ်မှူးနိုင်မောင်ဇော်က ဘီဘီစီကို ပြောခဲ့သည်။
“ကျွန်တော်တို့တပ်ဖွဲ့နဲ့မသက်ဆိုင်ဘူး။ သူတို့က အရင်က တပ်ဖွဲ့ရဲ့ အမိန့်ကို နားမထောင်ပဲ သူတို့ ဘာသာသူတို့ ရပ်တည်နေတာ။ ကျွန်တော်တို့ ၂၀၂၃ ခုနှစ် ပြန်လည်စုဖွဲ့တဲ့နေရာမှာ သူတို့တွေပါမလာတော့ဘူး။ အကြိမ်ကြိမ်ခေါ်လည်း မလာတော့ဘူး။ အဲဘက်မှာ BGF နာမည်သုံးပြီး သီးခြားရပ်တည်နေတဲ့ သဘောတော့ရှိတာပေါ့။ ဘုရားသုံးဆူ ဘက်ကျတော့လည်း ကျွန်တော်တို့အုပ်ချုပ်မှု လွတ်တာပေါ့” ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။
BGF 2023 တပ်ရင်းမှ ဂတုံး(ခေါ်) အောင်ခိုင်ဦး၏ နေအိမ်အား အခင်းဖြစ်ပွားသည့် နေ့လယ်ပိုင်းတွင် အချိန် KNU တပ်ဖွဲ့မှ RPG ဖြင့် ပစ်ခတ်ရာ နေအိမ်နှစ်လုံး၊ ကားများနှင့် နေအိမ်အတွင်း သိုလှောင်ထားသော လက်ပစ်ဗုံးအပါအဝင် လက်နက်ခဲယမ်းပစ္စည်းများ မီးလောင်ပေါက်ကွဲသည့်အပြင် ထိခိုက်သေကြေမှုရှိခဲ့ကြောင်း ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်တစ်ခုက ကောင်းဝါသို့ ဆက်သွယ်ပြောကြားလာခဲ့သည်။
လက်နက်၊ ကျည်ဆံနှင့် လက်ပစ်ဗုံးများရောင်းချခဲ့သော လက်နက်ပွဲစားဟောင်း ဗိုလ်မှူးလေးဝင်း၏ တပည့်ဖြစ်သူ ဂတုံး(ခေါ်) အောင်ခိုင်ဦးမှာ ဘုရားသုံးဆူဒေသ၌ BGF တပ်ရင်းအသစ်တစ်ခု ထပ်မံဖွင့်ရန် စီစဥ်နေသည်ဟု ထိုင်းဘက်မှလာသောသတင်းက ဆိုသည်။
ယင်းပစ်ခတ်မှုကြောင့် ဘုရားသုံးဆူမှ အရပ်သား ၁၀၀ ဝန်းကျင် ထိုင်းနိုင်ငံဘက်အခြမ်း ဘုရားသုံးဆူရွာသို့ ထွက်ပြေးကြရကြောင်း၊ အခြေအနေများတည်ငြိမ်လာမှသာ ထိုင်းနယ်စပ် ဘုရားသုံးဆူစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီး နောက်တစ်နေ့ (မေ ၁၁) တွင် ထိုင်းဝန်ကြီးချုပ်က ဘုရားသုံးဆူနယ်စပ်စစ်ဆေးရေးဂိတ်ကို လာရောက်စစ်ဆေးခဲ့ကြောင်း သတင်းများက ဖော်ပြသည်။