အဘက်ဘက်မှ အရေးနိမ့်လျက်ရှိသော စစ်ကောင်စီတပ်ဖွဲ့အဖို့ “ကြွက်မနိုင်၊ ကျီမီးရှို့” သကဲ့သို့ အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကို ဗြောင်ကျကျ ကျူးလွန်နေကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က ဆိုထားသည်။
တစုံတရာ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော တနသႅာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကနက်သီရိကျေးရွာ၊ ရငဲကျေးရွာ၊ ဂုံညှင်းဆိပ်ကျေးရွာတို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သည့်အပြင် ရေတပ်သဘေႅာများမှ ယခုရက်ပိုင်းအတွင်းမှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၅) ဦးသေဆုံးခဲ့ရသည်ဟု ဆိုသည်။
ပြီးခဲ့သည့် မေလ (၈) ရက်နေ့နှင့် (၁၀) ရက်နေ့ နှစ်ရက်တာကာလအတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများကြောင့် တနသႅာရီတိုင်း၊ သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွအတွင်း ဆယ်ကျော်သက် ယောက်ျားလေး (၂) အပါအဝင် အရပ်သားပြည်သူ (၅) ဦးသေဆုံးခဲ့ကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
မေလ (၈) ရက်နေ့ ညနေပိုင်းအချိန်က စစ်ကောင်စီတပ်သည် သရက်ချောင်းမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်မဟုတ်သည့် ကနက်သီရိကျေးရွာရှိ စာသင်ကျောင်း နှင့် ရငဲကျေးရွာရှိ ရငဲတိုက်နယ်ဆေးရုံ (၂၅ – ကုတင်) တို့ကို လေကြောင်းမှ ရည်ရွယ်ချက်ရှိရှီ ဗုံးကြဲတိုက်ခိုက်ကြောင်း၊ မေလ (၁၀) ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း ကနက်သီရိကျေးရွာ နှင့် ဂုံညှင်းဆိပ်ကျေးရွာတို့အား တိုက်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် ဗုံးကြဲခြင်း၊ ရေတပ်သင်္ဘောမှ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခြင်းများလုပ်ခဲ့ကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က ဆိုထားသည်။
မေလ (၈) ရက်ကနေ့ တိုက်ခိုက်မှုအတွင်း အသက် (၁၆) နှစ်အရွယ် ဆယ်ကျော်သက်လူငယ် ယောက်ျားလေး (၂) ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၆) ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဗုံးဒဏ်ကြောင့် ယာယီပိတ်ထားသော ရငဲတိုက်နယ်ဆေးရုံတစ်ခုလုံး ပျက်စီးခဲ့ကြောင်း၊ ကနက်သီရိကျေးရွာ အထက်တန်းကျောင်းမှ ကျောင်းဆောင်တချို့လည်း ထိခိုက်ပျက်စီးခဲ့ကာ နေအိမ်အများအပြား ဗုံးဒဏ်ခံခဲ့ရကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
အလားတူ မေလ (၁၀) ရက်နေ့ မွန်းလွဲပိုင်းအချန်က ကနက်သီရိကျေးရွာ နှင့် ဂုံညှင်းဆိပ်ကျေးရွာတို့အား စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး၊ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုများအတွင်း အပြစ်မဲ့အရပ်သား (၃) ဦး ထပ်မံသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။
အဆိုပါ ကျေးရွာများအပြင် အနီးနားပတ်ဝန်းကျင်ကျေးရွာများသို့လည်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လာနိုင်ပါသဖြင့် ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် လိုက်နာနေထိုင်ကြရန်၊ အကာအကွယ်နှင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြရန် နှင့် ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေထိုင်ကြရန် အထူးသတိပေးလိုကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က တိုက်တွန်းထားသည်။
စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံအရပ်သားပြည်သူ (၂၀၀၀) ခန့်မှာ နီးစပ်ရာဒေသများသို့ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေကြရကြောင်း၊ တောင်ပျောက်တိုက်နယ်အတွင်းသို့ ကျား (၁၁၄) ဦး၊ မ (၁၆၄) ဦး စုစုပေါင်း (၂၇၈) ဦး လာရောက်ခိုလှုံနေကြကြောင်း၊ စစ်ဘေးရှောင်များတွင် (၅) နှစ်အောက်ကလေးငယ် (၃၁) ဦး နှင့် (၆၀) နှစ်နှင့်အထက် (၁၃) ဦး ပါဝင်ကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။