ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့ နံနက်အစောပိုင်းအချိန်က ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် စက်သုံးဆီတင်ယာဉ်များ မော်လမြိုင်မြို့သို့ဝင်ရောက်ခြင်းမရှိတော့သည့်အတွက် စက်သုံးဆီဆိုင်တချို့အရောင်းပိတ်ထားကြောင်း သိရသည်။
ထိုအခြေအနေကြောင့် စက်သုံးဆီဝယ်ယူမည့်သူများအနေဖြင့် စက်သုံးဆီဆိုင်များတွင် အချိန်ကြာမြင့်စွာတန်းဆီစောင့်ဆိုင်းနေကြရသည့်အပြင်၊ စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်နေကြရကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောကြားသည်။
“အရင်ကတော့ စက်သုံးဆီကို အဆင်ပြေတဲ့ ဆိုင်မှာ ဝင်ထည့်လိုက်လို့ရတယ်။ အခုကျတော့ မနက်မိုးလင်းလာတာနဲ့ စက်သုံးဆီဘယ်ဆိုင်မှာရောင်းလဲ စုံစမ်းပြီး လိုက်တန်းစီနေရတယ်။ သူ့အတွက်ကို အချိန်ပေးနေတဲ့သဘောဖြစ်နေတယ်။ တန်းစီရင်လည်း အနည်းဆုံး မိနစ် (၂၀) လောက်ကနေ (၁) နာရီလောက်အထိကို ကြာတယ်။ ဒါတောင်မော်လမြိုင်မြို့မှာရှိတဲ့ ဆိုင်တိုင်းမှာမရဘူး။ ရောင်းတဲ့ဆိုင်က ရောင်းနေတယ်။ မရောင်းတဲ့ဆိုင်က မရောင်းဘူး။ ဆိုင်ပိတ်ထားကြတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
Denko ၊ မြတ်မေတ္တာမွန် အစရှိသည့် စက်သုံးဆီဆိုင်တချို့မှာ ကျုံအိတ်တံတားမိုင်းခွဲခံခဲ့ရသည့် မေလ (၁၁) ရက်နေ့ကတည်းက စက်သုံးဆီရောင်းချခြင်းမရှိတော့ကြောင်းလည်း ၎င်းမြို့ခံက ဆိုသည်။
နောက်ဆက်တွဲသတင်းများအရ ယနေ့မွန်းလွဲ (၃) နာရီအချိန်မှစတင်ကာ စက်သုံးဆီပြန်လည်ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ PT စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“စက်သုံးဆီတင်ကားတွေက ကျုံအိတ်တံတားကိုပတ်တဲ့ ကျေးရွာချင်းဆက်လမ်းကို ဖြတ်လာပြီးတော့ ညနေပိုင်းမှာ စက်သုံးဆီပြန်လည်ဖြန့်ဖြူးနိုင်တော့မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့ နံနက်စောပိုင်းအချိန်က အဆိုပါ ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီးသည့်နောက် မွန်၊ ကရင်၊ တနင်္သာရီ ဘက်မှ ရန်ကုန်ဘက်သို့ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားခဲ့ရကြောင်း သိရသည်။