ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ရန်ကုန် – မော်လမြိုင်၊ မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များကို မေလ (၁၃) ရက်နေ့ (ယနေ့) မှစတင်ကာ တိုးချဲ့ ပြေးဆွဲနေကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။
မော်လမြိုင် – ရန်ကုန် ရထားခရီးစဉ်ကို ယခင်ပုံမှန်ပြေးဆွဲနေသည့် နံနက် ၈ နာရီခွဲ ရထားအပြင် ၉ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြေးဆွဲမည့် ရထားခရီးစဉ် ထပ်တိုးချဲ့ခဲ့သည်။
အလားတူ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် ယခင်အတိုင်းပုံမှန်ပြေးဆွဲနေသည့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်အပြင် နံနက် ၇ နာရီခွဲအချိန်၌ ထပ်တိုး ရထားခရီးစဉ် ပြေးဆွဲပေးနေသည်။
ထပ်တိုးပြေးဆွဲ့မည့် ရထားခရီးစဉ်များအတွက် လက်မှတ်ကို တစ်ရက်ကြိုတင်ကာ ဝယ်ယူရမည်ဖြစ်ပြီး ယခင်ပုံမှန်အတိုင်း ပြေးဆွဲနေသည့် အမြန်ရထားလက်မှတ်များကို နံနက် ၇ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ်၊ နေ့လည် ၁ နာရီမှ ၃ နာရီအထိ တစ်ကြိမ် ရောင်းချပေးလျက်ရှိပြီး အထက်တန်းလက်မှတ်များအား သုံးရက်ကြိုစနစ်ဖြင့် လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်များကို တစ်ရက် ကြိုစနစ်ဖြင့်လည်းကောင်း ဝယ်ယူနိုင်ကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးကြေညာ ထားသည်။
ပြီးခဲ့သည့် မေလ (၁၁) ရက် နံနက်အစောပိုင်းအချိန်က သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အစပ် ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရာ ယခင်က မိုင်းခွဲခံရပြီး ကျန်ရစ်ခဲ့သည့် တံတားတစ်ခြမ်းနှင့် ဘေလီတံတားထိုးထားသည့် အခြမ်းပါပြိုကျပျက်ဆီးခဲ့သည်။