ယမန်နေ့ နံနက်အစောပိုင်းအချိန်က ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီးသည့်နောက် ဘီးလင်းမြို့နယ် ဇီးဝန်းကျေးရွာအခြေစိုက် စစ်တပ်၏ အမတ – ၂၁၄ မှ တံတားအနီးဝန်းကျင်ရှိ ကျေးရွာများအား လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ (၂) နှစ်သေဆုံးကာ (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
အမတ – ၂၁၄ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အဝန်းကြီးကျေးရွာ နှင့် ဒေါက်ရပ်ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဝန်းကြီးကျေးရွာနေ လင်မယား (၂) ဦးမှာ လက်နက်ကြီးကျည်စထိမှန်ပြီးသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ရွာထဲကိုလက်နက်ကြီး (၃) လုံးကျတယ်။ အိမ် (၂) လုံးပျက်ဆီးသွားတယ်။ (၆) ယောက်ဒဏ်ရာရသွားတယ်” ဟု ၎င်းဒေသခံက ပြောကြားသည်။
ထို့အပြင် ဒေါက်ရပ်ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ (၈) ဦးခန့်မှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။
ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီးသည့်နောက် မွန်၊ ကရင်၊ တနင်္သာရီ ဘက်မှ ရန်ကုန်ဘက်သို့ ကုန်သွယ်ရေးလမ်းကြောင့် ခေတ္တပြတ်တောက်သွားခဲ့ပြီးသည့်နောက် လက်ရှိတွင် ကျေးရွာချင်းဆက်လမ်းများမှတဆင့် သွားလာလျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဇွန်လ (၂၉) ရက် နံနက် (၄) နာရီခွဲအချိန်ခန့်က သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန် – မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတားအမှတ် (၁၃၂/၃) ကျုံအိတ်တံတားအား KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှ KNLA/PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ပြီး တံတားတစ်ခြမ်းပြိုကျပျက်စီးခဲ့သည်။