ကိုဗစ်ကူးစက်ခံရသူ အမျိုးသမီးလူနာတစ်ဦး မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ မေလ (၁၀) ရက်နေ့က ကျိုက်ထိုမြို့နယ် ကျောက်တန်းလေးကျေးရွာနေ အသက် (၆၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ရုတ်တရက်အသက်ရှုကြပ်ပြီး သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ လာရောက်ကာ ဆေးကုသမှုခံယူခဲ့ကြောင်း၊ ၎င်းလူနာအား ဓါတ်ခွဲစစ်ဆေးခဲ့ရာမှ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။
ထိုအမျိုးသမီးအား ကိုဗစ်ကာကွယ်ဆေးထိုးထားမှုရှိ၊ မရှိစစ်ဆေးခဲ့ရာမှာ ကာကွယ်ဆေးအား တစ်ကြိမ်မှ ထိုးနှံထားခြင်းမရှိကြောင်းလည်း ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
အဆိုပါ လူနာအား သိမ်ဇရပ်တိုက်နယ်ဆေးရုံတွင် အတွင်းလူနာအဖြစ် သီးခြားထားရှိပြီး ဆေးကုသမှုပေးထားကြောင်း နှင့် ၎င်းလူနာ နှင့် ထိတွေ့မှုရှိထားသည့် (၆) ဦးကိုလည်း ဓါတ်ခွဲစစ်ဆေးမှုများပြုလုပ်ထားရာတွင် ရောဂါကူးစက်ခံထားရခြင်းမရှိသော်လည်း၊ ၎င်းတို့အား နေအိမ်တွင် သီးသန့်ထားရှိကာ အသွားအလာ ခေတ္တယာယီကန့်သတ်ထားကြောင်း သိရသည်။
ယခု ကျိုက်ထိုမြို့နယ် ကျောက်တန်းလေးကျေးရွာတွင် ကိုဗစ်လူနာမှာ (၂၀၂၄) ခုနှစ် မွန်ပြည်နယ်အတွင်း ထမမဆုံး ရောဂါပိုးကူးစက်ခံထားရသည့် လူနာဖြစ်ကြောင်းလည်း ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက ဆိုထားသည်။
လက်ရှိတွင် ကျန်းမာရေးဌာန၊ ဌာနခွဲအသီးသီးတွင် ကိုဗစ်ကာကွယ်ဆေး (Pfizer) ကို ထိုးနှံပေးနေကြောင်း နှင့် ခြောက်လပြည့်ပြီးလူတိုင်းအပိုဆောင်း ကိုဗစ်ကာကွယ်ဆေး ထပ်မံထိုးကြရန်လည်း ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက အသိပေးတိုက်တွန်းထားသည်။
ကိုဗစ် – ၁၉ ကူးစက်ကပ်ရောဂါ ဖြစ်ပွားမှုအများဆုံးကာလဖြစ်ခဲ့သည့် (၂၀၂၂) ခုနှစ်အတွင်း မွန်ပြည်နယ်၌ အတည်ပြုလူနာသစ်ပေါင်း (၅၁၉၃) ဦးရှိခဲ့ပြီး၊ လူနာပေါင်း (၈၃) ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။
Photo Credit – ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာန