သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာရှိ ရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းအချိန်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်ခြင်းခံရကြောင်း သိရသည်။
ယနေ့ နံနက် (၈) နာရီခွဲအချိခန့်မှစတင်ကာ အနင်းရဲစခန်း၌ ပစ်ခတ်သံများကြားရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းက “ရွာထဲကလူတွေကတော့ ပစ်ခတ်သံကြားတာနဲ့ ဘေးကင်းလောက်မယ့် နေရာတွေကို ဝင်ပုန်းကြရတာပေါ့။ မနက် (၉) နာရီလောက်ပစ်ခတ်သံတွေ တိတ်သွားပေမယ့် လက်နက်ကြီးနဲ့ ပစ်ခတဲ့အသံ တစ်ချက်တစ်ချက်ကြားရသေးတယ်” ဟုပြောကြားသည်။
အဆိုပါ အနင်းရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ် နှစ်ကရင်ကျေးရွာအုပ်စု ဝယ်ဖယ်ရွာအခြေစိုက် စစ်ကောင် အမတ – ၃၁၇ က ၁၂၀ မမ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည့်အတွက် အနင်းကျေးရွာအတွင်းရှိ လူနေအိမ်တချို့ထိခိုက်မှုများရှိသော်လည်း ပျက်စီးခဲ့မှုအခြေအနေကို မသိရသေးကြောင်း ၎င်းဒေသခံက ဆိုသည်။
အနင်းရဲစခန်းကို လာရောက်တိုက်ခိုက်သည့် KNU+PDF+NMSP-AD ပူးပေါင်းအဖွဲ့အား လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အနင်းကျေးရွာ အရှေ့ဖက် ဝဲဝန်းဘက်သို့ နှစ်ဖွဲ့ခွဲပြီး ဆုတ်သွားကြောင်း စစ်ကောင်စီတယ်လီဂရမ်က ရေးသားဖော်ပြသည်။
အဆိုပါ အနင်းရဲကင်းစခန်းမှာ ပြီးခဲ့သည့် မတ်လ (၁၈) ရက်နေ့ နံနက်ပိုင်းအချိန်က ၎င်းရဲကင်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ဇန်နဝါရီလ (၃၁) ရက်နေ့ကလည်း အနင်းနှင့် ထင်းရူးရဲကင်းစခန်းနေရာများ တိုက်ခိုက်ခံရကြောင်း သိရသည်။