မွန်ပြည်သစ်ပါတီ၏ အဓိကသော့ချက်နေရာများကို ကြိုတင်လက်ဦးမှုယူထားရန် စစ်ကောင်စီ၏လော်ဘီဟုယူဆရသော ပေတိုးမီဒီယာက နှပ်ကြောင်းပေး၍ ရေးသားလာခဲ့သည်ကို ယနေ့စောစောပိုင်းက အွန်လိုင်းပေါ်တွင် တွေ့ရှိရသည်။
“မွန်မှာ ညီစား ကျောင်းဆိုတာ ရှိတယ်၊ အဲ့ဒီကျောင်းနဲ့ နယ်မြေကို ထိမှာမွန်တွေ အကြောက်ဆုံး၊ ဒါကြောင့် လူကြီးပိုင်းတွေက အချိုသတ်ပြီး တပ်နဲ့ ဟန်ဆောင် ပေါင်းနေတာသူတို့ကိုယ်တိုင်က ခွဲထွက်ဖို့ စီစဉ်တာပါ၊ နှစ်ပေါက် တပေါက် ရိုက်ထားတာပါ၊ အမေရိကန် ထောက်ပံ့ထားတဲ့ လွတ်မြောက်နယ်မြေ တက္ကသိုလ်ထိ မွန်စာနဲ့ Eng သင်တယ် အဲ့ဒါက သူတို့အသက်ပဲ ပညာရေး စီးပွားရေး အကုန်အဆင်ပြေနေတော့ သူတို့ နှလုံးသားဖြစ်နေတယ် မွန်ပြည်နယ်မှာ နောက်ကျောကို သတိထားရမယ်။ ဖြစ်နိူင်ရင် သူတို့နှလုံးသားဖြစ်တဲ့ အဲ့ဒီနယ်မြေကို ပြန်ထောက်ထားနိူင်ရင် ကိုယ်က နိူင်မြင်းစီးထားသူပဲ။ မွန်ပြည်သစ်က လူတွေပြန်စုကုန်ကြပြီ။ ဒါ သတိထားရမဲ့အချက်။ သူတို့ နှလုံးသား သူတို့ အသက်ကဘုရားသုံးဆူမှာ ရှိနေတယ်၊ ပေတိုးမီဒီယာ” ဟု ရေးသားဖော်ပြခဲ့သည်။
အဆိုပါရေးသားချက်ကို စစ်ကောင်စီလော်ဘီများ၏ တယ်လီဂရမ်များပေါ်တွင် ဆက်လက်ဖြန့်ဝေထားသည်ကို တွေ့ရသည်။
ဆက်လက်၍ “မွန်ပြည်သစ်က ဖွက်ထားသော တပ်မဟာထိုင် မွန်ပြည်သစ် ဌာနချုပ်၊ မွန်ပြည်သစ်၏ အကျိုးစီးပွါး၊ မိသားစု၊ စာသင်ကျောင်း၊ ကောလိပ်များ ဆေးရုံ ဆေးခန်းများ ရှိပြီး ထိုင်းဖက်က ဆောင်ကလာဘူရီမြို့ဖြင့် နာရီဝက် ခရီးသာ ရှိသော မွန်တို့ ဖွက်ထားသော နယ်စပ်မြို့” ဟူ၍ ရေးသားထားသည်။
မည်သည့်ရည်ရွယ်ချက်ဖြစ်စေ ယခုကဲ့သို့နှပ်ကြောင်းပေး၍ ရေးသားလာခြင်းအပေါ် တော်လှန်ရေးသတိရှိနေဖို့လိုအပ်ကြောင်း စစ်ရေးအကဲခတ်စောင့်ကြည့်နေသူတစ်ဦးက သုံးသပ်သည်။
မွန်ပြည်သစ်ပါတီသည် စစ်ကောင်စီနှင့် အပစ်ရပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။