သထုံမြို့နယ် သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်အပိုင်းတွင် ယမန်နေ့ မေလ (၇) ရက်နေ့ နံနက်ပိုင်းအချိန်က သားအမိနှစ်ဦး မိုးကြိုးစက်ကွင်းမိပြီး သတိလစ်မေ့မျောမှုဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့နံနက်ပိုင်းက မိုးသက်လေပြင်းကျရောက်ပြီး နေအိမ်အမိုးများပျက်စီးခြင်း၊ သစ်ပင်များပြိုလဲခြင်းများဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သိမ်ဆိပ်အပိုင်း မင်းတဲစုရပ်ကွက်မှာရှိတဲ့ အုတ်ဖိုလုပ်ငန်းမှာ အလုပ်လုပ်ဖို့သွားတဲ့အချိန် လမ်းမှာ မနက် (၁၁) နာရီအချိန်လောက်က သားအမိနှစ်ဦး မိုးကြိုးစက်ကွင်းမိပြီးတော့ သတိလစ်လဲကြနေတာ တွေ့ပါတယ်၊ ဆေးရုံကားခေါ်ပြီး ပို့လိုက်တယ်” ဟု ၎င်းဒေသခံက ပြောသည်။
ကျိုက္ကော်အပြင် အနန်းကုန်းအပိုင်းတွင်နေထိုင် အသက် (၃၀) နှစ်အရွယ် အမျိုးသမီး နှင့် သမီးဖြစ်သူ အသက် (၁၁) နှစ်အရွယ် မိန်းကလေးတို့ဖြစ်ကြကြောင်း၊ ပီတိနှလုံးသား လူမှုကယ်ဆယ်ရေး နှင့် နာရေးကူညီမှုအသင်း (နောင်ဘို) မှ သားအမိနှစ်ဦးအား သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ယခုအခါ သားအမိနှစ်ဦးလုံး ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီးဟု
ကြားသိရကြောင်း ၎င်းဒေသခံက ဆိုသည်။
မေလ (၇) ရက်နေ့မှ မေလ (၁၁) ရက်နေ့အတွင်း မွန်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်တချို့တွင် မုတ်သုံအကြိုမိုးရွာသွန်းနိုင်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးမိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။