ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအုပ်စု၊ ပျဉ်သာကျေးရွာအနီး ဘီးလင်း – ဖာပွန် ကားလမ်းပေါ်ရှိ ပေ (၈၀) တံတားတစ်စင်းမှာ ယနေ့နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဘီးလင်း – ဖာပွန်ကာလမ်း မိုင်တိုင်အမှတ် ၁၆/၂ နှင့် ၁၆/၃ ကြားရှိ တံတားအမှတ် ၃/၁၇ ဒေသအခေါ် ကညင်ပင်ကွင်းတံတားအား ယနေ့ မေလ (၆) ရက် နံနက် (၆) နာရီဝန်းကျင်အချိန်ခန့်က မိုင်းထောက်ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“တံတားအရှည်က ပေ (၈၀) လောက်ရှိတယ်။ အကျယ်က (၂၄) ပေ၊ သံကူကွန်ကရစ်တံတားအမျိုးအစားတံတားပါ။ မိုင်းခွဲခံလိုက်ရလို့ တံတားတစ်စင်းလုံးကျိုးသွားတယ်။ လောလောဆယ် ဆက်သွယ်ရေး ပြတ်တောက်နေတယ်” ဟု ၎င်းဒေသခံက ပြောသည်။
အဆိုပါ ကညင်ပင်ကွင်းတံတားအား KNU/ PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း စစ်ကောင်စီ မီဒီယာများက ရေးသားဖော်ပြသည်။
အလားတူ ပြီးခဲ့သည့် မေလ (၄) ရက်နေ့ကလည်း သထုံမြို့နယ်၊ တံတားဦးကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၇/၀) နှင့် (၁၃၇/၁) ကြား တံတားအကျယ် (၁၅) ပေခန့်ရှိ တံတားမှာလည်း မိုင်းထောင်ဖောက်ခွဲခံခဲ့ရကြောင်း နှင့် မိုင်းပေါက်ကွဲမှုကြောင့် တံတားလက်ရမ်းအနည်းငယ် နိမ့်ကျပျက်စီးခဲ့သည့်အပြင်၊ သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင်လာသည့် (၁၀) ဘီးကုန်တင်ယာဉ်တစ်စီး၏ အရှေ့လေကာမှန်၊ အရှေ့မီးသီးများနှင့် ကာဗာများ ပျက်ဆီးခဲ့ပြီး၊ ယာဉ်မောင်းမှာနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သေးကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ (၆) ရက်နေ့ကလည်း ဘီးလင်းမြို့နယ်မှ (၁၈) မိုင်ခန့်အကွာ၊ ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအုပ်စု၊ ပျဉ်သာကျေးရွာအနီး ဘီးလင်း – ဖာပွန်ကားလမ်းပေါ်ရှိ တံတားအရှည် ပေ (၁၂၀) ၊ အကျယ် (၂၄) ပေရှိ သံကူကွန်ရစ်အမျိုးအစား တံတားအမှတ် (၆/၁၈) ပျဉ်သာတံတား မှာလည်း ဒေသခံ လက်နက်ကိုင်အဖွဲ့များ၏ မိုင်းထောက်ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရသည်။