ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဘာသာရေးခေါင်းဆောင်များနှင့် လူထုတွေ့ဆုံပွဲကို ပြီးခဲ့သည့် မေလ (၇) ရက်နေ့က လှိုင်းဘွဲ့မြို့နယ်၊ မဲဆမိတ်ကျေးရွာတွင် ပြုလုပ်ခဲ့ရာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ကရင်ဘာသာရေးခေါင်းဆောင်များနှင့် KNU တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ဒေသခံလူထုများ၊ ကရင့်လက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့မှ ခေါင်းဆောင်တချို့ပါဝင်သော ယင်းတွေ့ဆုံမှု ပြုလုပ်ခဲ့ပြီးနောက် သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။
လူထုတွေ့ဆုံပွဲတက်ရောက်ခဲ့သူတစ်ဦးက “အဓိကကတော့ စစ်ပွဲတွေကြောင့် မြို့ရွာတွေ ပျက်စီးနေရတဲ့ အတွက်ကြောင့် စစ်ပွဲတွေကို ချက်ချင်းရပ်တန့်နိုင်ဖို့အတွက်ကိုလည်း ဆွေးနွေးခဲ့ကြပပါတယ်။ ဆွေးနွေးပွဲပြီးတော့ သဘောထား ထုတ်ပြန်ချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့တယ်” ဟု ပြောသည်။
ထိုလူထုတွေ့ဆုံပွဲမှ သဘောထားထုတ်ပြန်ချက်တွင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် KNU အနေဖြင့် မူဝါဒကြီးချမှတ်ထားသော်လည်း စစ်ရေးနည်းဖြင့် အဖြေရှာလိုသည့် ခေါင်းဆောင်တချို့ရှိနေ၍ လက်ရှိစစ်ပွဲများကြောင့် ပြည်သူလူထုများ၏ အိုးအိမ်များ၊ ဘာသာရေးအဆောက်အဦးများ၊ ရပ်ရွာများ မီးလောင်ပျက်ဆီးခဲ့ပြီး ထိခိုက်သေဆုံးနေရသည်။
သို့ရာတွင် နှစ်ပေါင်း (၇၀) ကျော် လက်နက်ကိုင်တိုက်ခိုက်လာခဲ့ကြသော်လည်း ဘာမှထူးခြားတိုးတက်ပြောင်းလဲသွားခြင်းမရှိဘဲ ဒေသခံပြည်သူများ၏ ဘဝသာ နိမ့်ကျသွားရသည့် အကြောင်းအရင်းများကြောင့် ပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေနိုင်စေရန်အတွက် မြဝတီ – ကော့ကရိတ်အာရှလမ်းသစ်အား ပြန်လည်ဖွင့်လှစ်နိုင်ရေး စသည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။
ထို့အတွက် KNU အနေဖြင့် ၎င်းတို့ချမှတ်ထားသည့် မူဝါဒအတိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာသွားနိုင်ရေးနှင့် KNU က မျှော်မှန်းထားသည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသို့ ရောက်ရှိနိုင်ရေးအတွက် ရဟန်းရှင်လူ ပြည်သူများနှင့် ခေါင်းဆောင်များက ပံ့ပိုးတွန်းအား ပေးသွားမည်ဖြစ်ကြောင်းလည်း သဘောထားထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
အဆိုပါ ဘာသာရေးခေါင်းဆောင်းများနှင့် လူထုတွေ့ဆုံပွဲသို့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး (၂၅၁) ပါး၊ ခရစ်ယာန်ဆရာတော် (၁၀) ပါးနှင့် ဒေသခံပြည်သူလူထု (၈၄၇) ဦးတက်ရောက်ခဲ့ပြီး၊ KNU ဘားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး နှင့် ဒူးပလာယာခရိုင် ဥက္ကဌဟောင်း ပဒိုစောရွှေမောင်းအပြင်၊ ဘားအံခရိုင်အတွင်းရှိ ဒေသတာဝန်ရှိသူများ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့မှ စောကျော်သန်းဌေး၊ ကရင်နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်ကြာအင်း နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA – (PC) မှ ဗိုလ်မှူးကြီး စောကျော်ညွန့် တို့လည်း တက်ရောက်ခဲ့ကြသည်။
ပြီးခဲ့သည့် ဧပြီလ (၅) ရက်နေ့ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ ထံလိပ်မူပြီး ကရင်ပြည်နယ်အတွင်းရှိ အထင်ကရ ဗုဒ္ဓဘာသာဆရာတော်ကြီးများက လက်မှတ်ရေးထိုး၍ စစ်ပွဲများမဖြစ်ပွားစေရန် ငြိမ်းချမ်းရေးအထူးမေတ္တာရပ်ခံစာ ပေးပို့ခဲ့သေးကြောင်း သိရသည်။