ထိုင်း-မြန်မာ ကုန်သွယ်ရေးအဓိက နယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့ရှိ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၁) အား ယနေ့ ဧပြီလ (၂၇) ရက်နေ့ နံနက် (၁၀) နာရီအချိန်မှစတင်ကာ ပြန်လည်ဖွင့်လှစ်ပေး၍ ထိုင်းနိုင်ငံဘက်သို့ သွားရောက်ခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ (၁၉) ရက်နေ့ ညပိုင်းမှစတင်ကာ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) အနီးဝန်းကျင်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ဧပြီလ (၂၁) ရက် နံနက်ပိုင်းမှစတင်ကာ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) ကို မြန်မာဘက်က ပိတ်ထားခဲ့သည်။
ထိုကာလများအတွင်း ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာကြမည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဝင်ရောက်ခွင့်ပြုထားခဲ့သော်လည်း ထိုင်းနိုင်ငံဘက်သို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ သွားရောက်ခွင့်ပိတ်ထားခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသားများကိုမူ အဆိုပါ မြန်မာ – ထိုင်း ချစ်ကြည်ရေး တံတား (၁) မှ အဝင်/အထွက် ခွင့်ပြုပေးထားသည်ဟု သိရကြောင်း မြဝတီမြို့ခံပြည်သူတစ်ဦးက ပြောကြားသည်။
“တံတားပြန်ဖွင့်လိုက်ပြီးဆိုတော့ ထိုင်းနိုင်ငံဘက်ကို သွားကြမယ့်သူတွေ အလုံးအရင်းနဲ့ ပြန်ရောက်လာကြတယ်။ တံတားကလည်း (၅) ရက်လောက်ပိတ်ထားတော့ ထိုင်းဘက်ခြမ်းမှာ အလုပ်သွားလုပ်ကြမယ့်သူတွေက မြဝတီမြို့မှာ သောင်တင်နေကြတယ်။ အဲ့ဒီအပြင်ကို တိုက်ပွဲတွေကလည်းရှိနေတော့ အကုန်ဒုက္ခရောက်နေကြရတာလေ။ အခုလို တံတားပြန်ဖွင့်ပေးလိုက်တော့ အားလုံးအတွက် အဆင်ပြေသွားမယ်လို့ ထင်ပါတယ်” ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။
သို့ရာတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည့် မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) အား ပြုပြင်မှုများလုပ်ဆောင်ပြီးမှသာ ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု ထိုင်းဘက်မှလာသည့် သတင်းများအရ သိရသည်။