မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း မွန် NMSP(AD)၊ ကရင် KNU ၊ PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် မြန်မာစစ်ကောင်စီတပ်ဖွဲ့၏ ကြည်းရေလေစစ်ကြောင်းပူးပေါင်းတိုက်ခိုက်မှုကြောင့် ဓမ္မသတ်ကျေးရွာနှင့် အနီးတဝိုက်တွင် ယမန်နေ့ (ဧပြီ ၂၂ ) က တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ရာ လေကြောင်းမှလည်း ဗုံးကျဲသည့်အပြင် ရေတပ်စစ်ဘေႅာအမြှောက်ပစ်ခတ်မှုကြောင့် နေအိမ်အချို့မီးလောင်ကျွမ်းခဲ့ကြောင်း ရွာခံများမှသိရသည်။
“မနေ့တိုက်ပွဲက မနက် ၇ နာရီခွဲလောက်ကစပြီး ဓမ္မသတ်တံတားအနားလောက်မှာစဖြစ်တာ ၁၀ နာရီခွဲအထိပဲ၊ သံချပ်ကာကားလည်းပါတယ်၊ လေယာဥ်နဲ့ ဗုံးလာကျဲလိုက် ရေတပ်စစ်ဘေႅာက အမြှောက်ပစ်လိုက်နဲ့ အိမ်အချို့မီးထပ်လောင်သွားပြန်တယ်၊ နှစ်ဖက်စလုံးအကျအဆုံးရှိတယ်” ဟု ဓမ္မသတ်ရွာခံတစ်ဦးက ပြောသည်။
ယမန်နေ့ညနေပိုင်းတွင် ဓမ္မသတ်ကျေးရွာအတွင်း စကစတပ်ဖွဲ့စစ်ကြောင်း နေရာဝင်ယူထားသည့်အတွက် ရွာသားများအားလုံး ကော့ပလိုင်၊ ကော့ဘိန်း၊ ကော့ပေါက်နှင့် မင်းရွာဘက်သို့ စစ်ဘေးရှောင်ရန် ထွက်ပြေးသွားကြောင်း သိရသည်။
“မနက် ၁၀ နာရီခွဲလောက်မှာ ဓမ္မသတ်ရွာကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာသွားလို့ ပစ်ခတ်သံတွေ တိတ်ဆိတ်သွားခဲ့တယ်၊ မနေ့ညနေ ဒီနေ့မနက်မှာလည်း ကော့ဘိန်းနဲ့ ကမ်းနီဘက်မှာ လေယာဥ်ပျံတွေလာဝဲနေတယ်၊ ကော့ပလိုင်၊ ကော့ဘိန်းဘက်ကလူတွေလည်း ဗုံးလာကျဲမှာစိုးရိမ်လို့ တခြားနေရာ ထွက်ပြေးကြပြန်တယ်၊ အိမ်စောင့်တွေလောက်ပဲ ကျန်နေခဲ့တယ်” ဟု ဒေသခံ မွန်ဆရာတော်တစ်ပါးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ကော့ဘိန်းမှ ဓမ္မသတ်၊ တရနာ၊ ကော့သပ်၊ မော်လမြိုင်စက်မှုဇုံအနီးရှိ ခရုံဂူလမ်းခွဲအထိ ရမ္မာဝတီလမ်းမကို ထိန်းချုပ်ရန် အပြင်းအထန်ကြိုးပမ်းနေကြောင်း မွန်ဒေသစစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦက သုံးသပ်သည်။
“ခရုံဂူလမ်းခွဲအထိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ရောက်လာရင်တော့ မော်လမြိုင်စက်မှုဇုံဟာ လက်တစ်ကမ်းလောက်မှာပဲလေ၊ မော်လမြိုင်ရတခက ပုဂ္ဂိုလ်တွေ အိပ်မပျော်နိုင်ဖြစ်သွားပါလိမ့်မယ်၊ ဒါကြောင့် စစ်ကောင်စီဟာ ကော့ဘိန်းကော့ပေါက်၊ ကော့ပလိုင်၊ ဓမ္မသတ်-တရနာ- ကော့သပ်-မော်လမြိုင်စက်မှုဇုံ ခရုံဂူလမ်းခွဲအထိ ဒီရမ္မာဝတီလမ်းတကြောကို သူတို့ထိန်းချုပ်ထားနိုင်ဖို့ အပြင်းအထန်ကြိုးစားနေရတာပါ၊ ရှိရှိသလောက်အင်အားကိုထုတ်သုံးပြီး ကြည်းရေလေ သံချပ်ကာ၊ ဒရုန်းတပ်ဖွဲ့ပါမကျန် အကုန်လုံးတိုက်ပွဲ ဝင်နေရာတာလို့ သုံးသပ်ရတယ်”
မွန်၊ ကရင်၊ PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သည် ပြီးခဲ့သည့်မတ်လ ၂၅ ရက်နေ့က ကော့ဘိန်းရဲစခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီရေတပ်ပစ်ခတ်မှုကြောင့် ဓမ္မသတ်ကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်မီးလောင်ကျွမ်းခဲ့ပြီး စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် တရနာအနီး ကျွန်းကုန်းရွာတွင်လည်း နှစ်ကြိမ်ထက်မနည်း မီးလောင်ခဲ့သလို စစ်ကောင်စီ၏စနိုက်ပါ ပစ်ခတ်မှုကြောင့် သံကလောင်ရွာမှ ဆရာတော်တစ်ပါးအား ပျံလွန်တော်မူခဲ့ပြီး ရွာသားအချို့ ပစ်ခတ်ဖမ်းဆီးခံရမှုများ ရှိခဲ့ကြောင်း မြေပြင်သတင်းများမှ သိရသည်။