မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်စပ်ကြား ဂျိုင်းမြစ်ကမ်းတလျှောက်ရှိ မွန်ကျေးရွာများအတွင်း လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲများသည် လွယ်လွယ်နှင့်ပြီးဆုံးသွားမည့်အလားအလာ မတွေ့ရသည့်အတွက် ဒေသခံများအနေဖြင့် စားနပ်ရိက္ခာများစုဆောင်းထားကြရန်နှင့် ငွေများကိုလည်း ချွေတာသုံးစွဲသွားရန် အမည်မဖော်လိုသော အထင်ကရ မွန်ဆရာတော်တစ်ပါးက ကောင်းဝါမှတဆင့် တိုက်တွန်းပြောဆိုလိုက်သည်။
“ဒီပုံအတိုင်းဆိုရင် တိုက်ပွဲတွေက လာမယ့်မိုးရာသီတလျှောက်လုံးမှာ ဆက်ပြီးရှိနေပါလိမ့်မယ်၊ ဒါယကာတွေအနေနဲ့ မိမိတို့ငွေကြေးတွေကို အထူးချွေတာပြီး သုံးစွဲသွားကြပါ၊ မိမိတို့အတွက် စားနပ်ရိက္ခာတွေကို ကောင်းကောင်းမွန်မွန် လုံလုံလောက်လောက်ရှိအောင် ကြိုတင်စုဆောင်းထားကြပါလို့ ပြောလိုတယ်” ဟု အဆိုပါ မွန်ဆရာတော်က မိန့်ကြားသည်။
ကျိုက်မရောမြို့နယ် တရနာ၊ သံကလောင်ကျေးရွာဘက်သို့ ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက သံချပ်ကာကားများဖြင့် ထိုးစစ်ဆင်ဝင်ရောက်လာသော စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ အထိနာသဖြင့် လေကြောင်းဖြင့်လည်းကောင်း၊ ရေကြောင်းဖြင့်လည်းကောင်း ထပ်မံပူးပေါင်းစစ်ဆင်လာခဲ့ရာ တိုက်ပွဲအပြင်းအထန် ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး တရနာကျွန်းကုန်း၌ အိမ်များမီးလောင်ခဲ့ကြောင်း သိရသည်။
ကော့ဘိန်း-ဓမ္မသတ်-တရနာ-ကော့သပ်-ခရုံဂူလမ်းဝအထိ ဆက်သွယ်ထားသော ရမ္မာဝတီဒေသ ဖွံ့ဖြိုးရေးလမ်းမသည် တော်လှန်ရေးတပ်ဖွဲ့များအတွက် အဓိကကျသည့် မဟာဗျူဟာလမ်းကြောင်းတစ်ခု ဖြစ်နေသည့်အတွက် မော်လမြို့မြို့မကျစေရေး ခံစစ်စည်းအဆင့်အဆင့်များအား စစ်ကောင်စီဘက်မှ အခိုင်အမာပြုလုပ်လာခဲ့သည်ကို တွေ့ရကြောင်း မွန်ဒေသစစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။
“ဒီလမ်းကြောင်းဟာ တော်လှန်ရေးအဖွဲ့အစည်းတွေအတွက် အဓိကကျတဲ့ မဟာဗျူဟာလမ်းဖြစ်ပါတယ်၊ စကစရဲ့ လက်ရှိခံစစ်စည်းက တရနာပါ၊ ဒါကြောင့် သံကလောင်မှာ ရှေ့ထုတ်ထားတဲ့ ကာကင်းတွေနဲ့ ထိတွေ့မှုဖြစ်ပွားခဲ့တာပါ၊ ဒီတရနာခံစစ်စည်းပေါက်လို့ ခရုံဂူအထိ တော်လှန်ရေးတပ်ဖွဲ့တွေ ရောက်လာရင်တော့ မော်လမြိုင်စက်မှုဇုံနဲ့ဆိုရင် လက်တစ်ကမ်းမှာဘဲ၊ ဒါကြောင့် မော်လမြိုင်မကျဘို့အတွက် စစ်ကောင်စီကတော့ အပြင်းအထန်ခုခံမှာဘဲလေ၊ ကြည်းရေလေ ပူးတွဲစစ်ဆင်နိုင်တဲ့ဒေသလည်းဖြစ်တယ်ဆိုတော့ ရွာသားတွေအနေနဲ့ ရွာတွေမှာလုံးဝနေလို့မဖြစ်တော့မယ့် အခြေအနေပါ၊ လောလောဆယ်စစ်ပွဲတွေက အစပိုင်းပဲ ရှိပါသေးတယ်၊ ဘယ်လောက်အထိဖြစ်သွားမှာကို မပြောနိုင်ပါဘူး” ဟု ဆိုသည်။
မတ်လ ၂၅ ရက်နေ့က ကော့ဘိန်းနယ်မြေရဲစခန်းကို မွန်၊ ကရင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်လိုက်ပြီးနောက် ကော့ဘိန်းနှင့် ဆက်စပ်သည့် ဂျိုင်းမြစ်ဒေသက ကျေးရွာများထဲကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေကြောင်းပေါင်းစုံဖြင့် လက်နက်ကြီးအမြှောက်များ၊ ဗုံးသီးများဖြင့် အပြင်းအထန် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မတ်လ ၂၇ ရက်နေ့က ဓမ္မသကျေးရွာ၌ လူနေအိမ် ၃၀၀ ကျော် မီးလောင် ပြာကျခဲ့ပြီး ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း၊ လက်ရှိတွင် ဂျိုင်းမြစ်ကမ်းတလျှောက်ရှိ ကျေးရွာများမှ သောင်းနှင့်ချီသော ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အကူအညီပေးရေးအဖွဲ့အစည်းများမှ သိရသည်။