ကျိုက်မရောမြို့နယ် သံကလောင်ကျောင်းဟောင်း ကျောင်းထိုင်ဆရာတော် အရှင်ဝါယမ သက်တော် (၅၆) နှစ် ဝါတော် (၃၆) ဝါခန့်သည် တရာနာကျေးရွာဘက်သို့ ဒါယကာတစ်ပါးနှင့်အတူ မော်တော်ကားဖြင့် ခရီးသွားနေစဥ် ယနေ့မွန်းတည့် ၁၂ နာရီအချိန်ခန့်က တရနာ-ကျွန်းကုန်းရွာ လမ်းလေးခွ၌ စနိုက်ပါသေနတ်ဖြင့် လုပ်ကြံပစ်သတ်ခံထိ၍ အခင်းဖြစ်ပွားသည့်နေရာမှာပင် ပွဲချင်းပြီးပျံလွန်တော်မူခဲ့ကြောင်း နီးစပ်သူကျောင်းဒကာများက ပြောသည်။
အဆိုပါ စနိုက်ပါသေနတ်ပစ်ခတ်မှုသည် တရနာကျွန်းကုန်းရွာနှင့်အနီးတဝိုက်တွင် လက်ရှိနေရာယူထားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်ပင်ဖြစ်နိုင်ကြောင်း ရွာသားများက ယူဆပြောဆိုနေကြသည်။
တရနာကျွန်းကုန်းရွာသားတစ်ဦးက “ကျနော်တို့ရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေဘဲ ရှိနေပါတယ်၊ နှစ်ထပ်အိမ်အမြင့်တွေမှာ နေရာယူထားတာလည်း တွေ့ရတယ်၊ တောဘက်ကအဖွဲ့တွေ ဒီဘက်မှာမရှိဘူး” ဟု ပြောသည်။
ကျောင်းထိုင်ဆရာတော်နှင့်အတူ ဒရိုင်ဘာအဖြစ်ကားမောင်းလာသူ ဒါယကာသည်လည်း သေနတ်ဒဏ်ရာရရှိထားသည်ဟု သိရပြီး သေသည်ရှင်သည်ကို မသိရသေးပေ။
၅ မိုင်ခန့်ဝေးကွာသည့် ဓမ္မသတ်ကျေးရွာနှင့် တရနာကျေးနှစ်ရွာအကြားတွင် သံကလောင်ရွာ တည်ရှိသည်။
ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က မွန်တပ်ဖွဲ့များအပါအဝင် ကရင်နှင့် PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ကော့ဘိန်းရဲစခန်းကို သိမ်းခဲ့ပြီးနောက် မတ်လ ၂၇ ရက်နေ့တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ကြောင့် ဓမ္မသတ်ကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သည်။