ကျိုက်မရောမြို့နယ်တွင် ယနေ့နံနက်စောစောပိုင်းအချိန်က စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် တရနာကျေးရွာအုပ်စု-ကျွန်းကုန်းရွာ၌ အိမ် ၁၆ လုံး မီးလောင်ကျွမ်းပြာကျသွားခဲ့ကြောင်း ဒေသခံမွန်ဆရာတော်တစ်ပါးက ပြောကြားသည်။
တရနာ၊ ကျွန်းကုန်းနှင့် သံကလောင်ရွာတို့တွင် ယမန်နေ့က စစ်ကောင်စီ၏စစ်သားများကို မြင်တွေ့ခဲ့ရပြီး သံကလောင်ကျောင်းဟောင်း ဆရာတော် စနိုက်ပါပစ်ခတ်ခံရသည့်နေရာအနီးတဝိုက်မှာ ယနေ့နံနက်စောစောအချိန်က မီးလောင်ပြင်ဖြစ်သွားခဲ့ရသည်ဟု ဆိုသည်။
မွန်ဆရာတော်က “ သံကလောင်ဆရာတော် မနေ့က စနိုက်ပါအပစ်ခံထိတဲ့ ရွာပေါ့ အကုန်လုံးမီးလောင်ကုန်တာ၊ ကျွန်းကုန်းရွာကို မနေ့က ဗမာစစ်သားတွေရောက်လာတယ် ရွာသားတစ်ယောက်မှ မရှိပါဘူး အကုန်လုံးထွက်ပြေးနေကြတယ်၊ ညကဗမာစစ်သားတွေ ဘယ်အချိန် ဘယ်ကိုထွက်သွားလည်းမသိဘူး၊ မနက်မိုးအလင်းမှာ လက်နက်ကြီးတွေ ဆက်တိုက်ကျလာတာ အိမ်တွေမီးလောင်ကုန်တယ် မီးသတ်ပေးမဲ့လူလည်း တစ်ယောက်တလေမှ မရှိပါဘူး”
ဓမ္မသတ်ကျေးရွာမီးလောင်ပြီးသည့်နောက်ရက်များတွင် စစ်ကောင်စီ၏ လေကြောင်းမှဗုံးကျဲခြင်း၊ စစ်သဘေႅာမှ အမြှောက်များပစ်ခတ်ခြင်း၊ ခြေလျင်စစ်ကြောင်းများ ရွာသို့ရောက်ရှိလာသောကြောင့် ကျွန်းကုန်းရွာသားအားလုံးတို့သည် အိုးအိမ်များကို စွန့်ခွာ၍ ဘေးလွတ်မြောက်ရာသို့ စစ်ရှောင်ပုန်းလျက်ရှိကြသည်။
သံကလောင်ကျောင်းဟောင်း ကျောင်းထိုင်ဆရာတော် အရှင်ဝါယမ သက်တော် (၅၆) နှစ် ဝါတော် (၃၆) ဝါခန့်သည် တရာနာကျေးရွာဘက်သို့ မော်တော်ကားကိုယ်တိုင်မောင်းနှင်၍ မော်လမြိုင်ဘက်သို့သွားနေစဥ် ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်ခန့်က အဆိုပါ ကျွန်းကုန်းရွာ လမ်းလေးခွအရောက်တွင် စနိုက်ပါသေနတ်ဖြင့် လုပ်ကြံပစ်သတ်ခံထိ၍ ပျံလွန်တော်မူခဲ့ပြီး နေ့ချင်းအပြီး မီးသဂြိုလ်ခဲ့ကြောင်း သိရသည်။
Photo Crd- CJ