ပေါင်မြို့နယ် မွန်ညီညွတ်ရေးပါတီ MUP ဥက္ကဌဖြစ်သူ အသက် (၇၈) နှစ်အရွယ် နိုင်ဘထောက် မှာ ယနေ့ ဧပြီလ (၁၃) ရက်နေ့ မဟာသင်္ကြန်အကြိုနေ့ နံနက်ပိုင်းက သေနတ်နှင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
နိုင်ဘထောက်မှာ ယနေ့ နံနက် (၆) နာရီခွဲအချိန်ခန့်က ၎င်းနေထိုင်ရာ ပေါင်မြို့နယ် သဗြုချောင်ကျေးရွာရှိ နေအိမ်သို့ ဆိုင်ကယ်နှစ်စီးဖြင့် လူငယ် (၄) ဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ရာ နိုင်ဘထောက်တွင် ဝမ်းဗိုက် နှင့် ချိုင်းတို့၌ သေနတ်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“နိုင်ဘထောက်က ဆွမ်းလောင်းဖို့ နေအိမ်ရဲ့ လှေကားအနားမှာ ရှိနေတဲ့အချိန်မှာ သေနတ်သမားတွေရောက်လာပြီး ပစ္စတိုသေနတ်တွေနဲ့ပစ်သွားတာလို့ သိရတယ်။ အားလုံး (၈) ချက်လောက်ရှိတယ်။ ကျည်ခွံတွေရတယ်။ ပွိုင့် – ၃၈ ကျည်ခွံက (၆) ခုနဲ့ သူ့ထက်အလုံးနည်းနည်းကြီးတဲ့ ကျည်ခွံက (၂) ခုရတယ်။ အဲ့ဒီကျည်ခွံတွေကို ရဲက သိမ်းသွားတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
သေနတ်သမားများမှာ မွန်လုံချည် နှင့် အင်္ကျီအမဲရောင်များဝတ်ဆင်ထားကြပြီး ဗမာအသံဖြင့် စကားပြောဆိုသွားသည်ဟု နိုင်ဘထောက်၏ မိသားစုဝင်တစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
နိုင်ဘထောက် အား သေနတ်နှင့် ပစ်သတ်သွားကြသည့် သေနတ်သမားများမှာ ရန်ကုန် – မော်လမြိုင်ကားလမ်းမအတိုင်း သထုံမြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ သေဆုံးသွားသည့် နိုင်ဘထောက် ၏ သားဖြစ်သူမှာ သဗြုချောင်အုပ်ချုပ်ရေးမှူးမှာလည်း ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဩဂုတ်လအတွင်းက ပေါင်မြို့နယ် ရင်းငြိမ်တောင်ကျေးရွာ ဘောလုံးကွင်းရှေ့တွင် သေနတ်ဖြင့်လုပ်ကြံပစ်ခတ်ခဲ့ရသော်လည်း အသက်သေဆုံးခဲ့ခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။
မွန်ပြည်နယ်အတွင်း ပစ်ခတ်သတ်ဖြတ်မှုများမကြာခဏ ဖြစ်ပွားလေ့ရှိရာ ပြီးခဲ့သည့် ဧပြီလ (၇) ရက်နေ့က မွန်းလွဲပိုင်းအချိန်က ရေးမြို့နယ် ကော့ဒွတ်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးအနိုင်သည်လည်းကောင်း၊ ယင်းနေ့ ညပိုင်းက မုဒုံမြို့နယ် ကမာဝက်မြို့နေ နိုင်ထိန်ဝင်း (ခ) နိုင်မော့ နှင့် သားဖြစ်သူ မင်းသိန်းဉာဏ် သည်လည်းကောင်း သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီး နိုင်ထိန်ဝင်း (ခ) နိုင်မော့ ၏ နောက်ထပ်သားတစ်ဦးမှာ သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။