ဘုရားဒါယကာကြီး ဦးနာအောက်ကို တနသႅာရီတိုင်း သထုံခရိုင်၊ ဖားအံမြို့နယ်ရှိ ဖဲကတာချောင်ဖျား၊ ခရဲရွာ၌ ဆင်းရဲသော တောင်သူလယ်သမားမိဘနှစ်ပါးမှ ကောဇာသက္ကရာဇ် (၁၁၉၄) ခုနှစ်၊ ကဆုန်လဆုတ်(၃)ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားခဲ့ပြီး၊ သားသမီး(၅)ယောက်အနက် စတုတ္ထမြောက်သား ဖြစ်သည်။
ဦးနာအောက်သည် ကော့မယ်ခရဘုန်းတော် ကြီးကျောင်းတွင် ပညာပြည့်စုံအောင် မသင်ကြားနိုင်ဘဲ ကျွဲနွားကျောင်းသားဘဝနှင့် မိဘကိုကူညီခဲ့သည်။
ဆင်းရဲသား ဘဝမှချမ်းသာလာသော်လည်း ဘဝမမေ့ဘဲ မိမိ၏ အလုပ် သမားများအပေါ် ဘကြီးအရွယ် ဘကြီး၊ ဖခင်အရွယ်ကို ဖခင်သဖွယ် မေတ္တာရှေ့ထားချီးမြှောက်ထိုက်သူကို ချီးမြှောက် ဆုံးမထိုက်သူကို ဆုံးမတတ်၍ အလုပ်သမားများက ဘကြီးအောက်ဟု အမွှန်းတင်ခေါ်ရာ မွန်ဘာသာဖြင့်(အနာဲအံက်) အနိုင်အောက်မှကာလရွှေ့လျောပြီး (နိုင်အောက်)မှ ဦးနာအောက်ဟူ၍ အမည်ပြောင်းလဲလာသည်။
မောင်အောက်သည် အလွန်ဆင်းရဲလှသော်လည်း လုံ့လ၊ ဝိရိယနှင့် ဇွဲရှိသူ ဖြစ်သည်။ ရောင့်ရဲတင်းတိမ်သူလည်း ဖြစ်သည်။ ဟင်းလျာအဖြစ် ဆားရလျှင် ဆားနှင့်စားပြီး ငါးပိဖုတ်နှင့်လည်း ကျေနပ်သူဖြစ်သည်။
မောင်အောက်သည် ရှေးဘဝက ပုပ္ပစေတနာ အကျိုးမပေးသဖြင့် ပထမအရွယ်၌ ဒုက္ခ၊ သုက္ခံ လောကလှိုင်း တံပိုးအောက်၌ မြုပ်တစ်ခါ ပေါ်တစ်လှည့်ဖြင့် ခရီးကြမ်းကြီးပေါ်တွင် လျှောက်နေရသူဖြစ်၏။ သို့ ကျွဲကျောင်းသား ဘဝနှင့် ဘဝကို ရင်ဆိုင်နေရစဉ် ကတိုးရွာသူဌေးကြီး ဦးမွန်ထော်၏ ကိုးဆောင်အိမ်ကြီး၊ ကော့နှတ်ရွာရှိ သူဌေးဦးထော်အာနှင့် အခြားအိမ်ကြီး အိမ်ကောင်းများကို တွေ့ရှိသောအခါ ယင်းတို့ကဲ့သို့ ကြီးပွားချမ်းသာလိုသောစိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့၏။
လူလားမြောက်အရွယ်သို့ ရောက်ရှိလာသောအခါတွင် မိဘနှစ်ပါးလည်း ကွယ်လွန်ပြီး ဖြစ်သောကြောင့် မိမိ၏အကြံ အစည် အောင်မြင်ရန်အတွက် ကတိုး၊ ကော့နှတ်ရွာနှင့် တဆက်တည်းဖြစ်သော သံလွင်မြစ်ပေါ်ရှိ သံဃာပိုင်ရွာရှိ မိမိ၏ အစ်မကြီး ဒေါ်ထောဂေ့ (မိထဝ်ဂွံ) ရှိရာသို့ လာရောက်နေထိုင်ကာ အစ်မ၏ လယ်မြေတွင် လယ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်လေသည်။
အချိန်တန်အရွယ်ရောက်သောအခါ ဖူးစာရှင်ဖြစ်သော မိရွှေမှုန်နှင့် လက်ထပ်ထိမ်းမြှားလေသည်။ မိရွှေမှုန်သည် အိမ်တွင်းမှုအပြင် ကောက်စိုက်ခြင်း၊ ကိုင်းလုပ်ခြင်းတို့၌လည်း ယောကျာ်းများနှင့် ရင်ဘောင်တန်းပြီး ပစ္စည်းဥစ္စာရှာဖွေ တတ်သူဖြစ်လေသည်။ တက်ညီလက်ညီဖြင့် ဘဝခရီးကို စတင်လျှောက်စဉ်မှာပင် မိရွှေမှုန်သည် မိမိ၏ ချစ်လှစွာသော ခင်ပွန်းသည်ကို လက်တွဲဖြုတ်ပြီး သေမင်းခေါ်ရာနောက်သို့ ပါသွားရရှာလေတော့သည်။
ချစ်ဇနီးကွယ်လွန်ပြီးနောက် ဝမ်းနည်းဖွယ်ရာ၊ အားနည်းဖွယ်ရာများကို ဖယ်ရှားပြီး ဘဝကို အရှုံးမပေးသော ယောကျ်ားပီပီ မိမိ၏အဓိဋ္ဌာန် အောင်မြင်ရေးအတွက် မင်းဖြစ်လိုက မင်းနားခစား၊ သူဋ္ဌေးဖြစ်လိုက သူဋ္ဌေးနားမှာ ခစားမှဖြစ်မယ်ဟု စိတ်ကူးပြီး ကော့နှတ်ရွာရှိ သူဌေးကြီးဦးထော်အာထံတွင် အလုပ်ဝင်လုပ်လေသည်။
ဦးထော်အာ၏ စည်းစိမ်ချမ်းသာ ပစ္စည်းကြွယ်ဝမှုကို အားကျ၍ ဦးထော်အာကဲ့ သို့ ကြွယ်ဝချမ်းသာရန်
(၁) အလုပ်ကို ကြိုးစားလုပ်မည်။
(၂) ရဲရဲဝံ့ဝံ့ နောက်မတွန့်ပဲ လုပ်ရမည်။
(၃) ရိုးသားရမည်။
(၄) ဝေဖန်ထောက်ရှု မိမိမှုကို ဝေဖန်ရမည်ဟူသော စည်းကမ်းလေးချက် ကို ချမှတ်လေသည်။
ထိုသို့ သူဌေးကြီးဦးထော်အာထံတွင် ဝင်ရောက်အလုပ်လုပ်နေစဉ် မောင်အောက်၏ ယောက္ခမတို့က ၎င်းတို့၏ သမီးငယ် မိရွှေမှုန်၏ညီမ မိရွှေအုပ်နှင့် ပြန်လည် လက်ဆက်ပေးလေသည်။ မိရွှေအုပ်နှင့် ကြာရှည်ပေါင်းလိုက်ရဘဲ အစ်မမိ ရွှေမှုန်နည်းတူ မိရွှေအုပ်လည်း သေဆုံးသွားလေသည်။
ဒုတိယဇနီးသေဆုံးပြီးနောက် ရှိသမျှပစ္စည်းများကို အစ်မကြီးအားအပ်နှံခဲ့ပြီး သူ ဌေးကြီးဦးထော်အာထံတွင် ခြေစုံပစ်၍ အလုပ်ဝင်လုပ်တော့သည်။
မောင်အောက်သည် သူဌေးကြီး ဦးထော်အာထံ၌ အလုပ်ဝင်လုပ်ရာတွင် ရေတွေ့သောငါးကဲ့သို့ စိတ်အားငယ်မှု၊ ဝမ်းနည်းမှုများကို ဖြေဖျောက်၍ စိတ်ချမ်းသာစွာဖြင့် အလုပ်ကိုကြိုးစားခြင်း စည်းကမ်းသေဝပ်ခြင်းတို့ကြောင့် အလုပ်သမားအပေါ် ခေါင်းဆောင်မှု ရရှိလာသည်။ သူဌေးကြီးဦးထော်အာသည် ရိုးသားသော မောင်အောက်အား အလုပ်သမားခေါင်းဆောင်ခန့်ပြီး သစ်တောကြိုးဝိုင်းသို့ မိမိ၏ လူယုံအဖြစ်နှင့် စေလွှတ်၍ သစ်လုပ်ငန်းကို လုပ်ကိုင်စေသည်။ မောင်အောက်သည် သစ်တောကြိုးဝိုင်းတွင် သူဌေးကြီးအလိုကျ သစ္စာရှိရှိဖြင့် လုပ်ကိုင်ဆောင် ရွက်ပေးသဖြင့် အတော်ဆုံးနှင့် သစ္စာအရှိဆုံး အလုပ်သမားခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကာ ဆုငွေများချီးမြှင့်ပြီး သူကောင်းပြုလေသည်။ ထိုသို့ ဥစ္စာပစ္စည်းနှင့် ချီးမြှင့်ခြင်းခံရသော်လည်း မောင်အောက်မှာ ဘဝင်မြင့်ခြင်းမရှိပဲ မိမိ၏ ရောက်လို သော ပန်းတိုင်ကိုပင် စွဲမြဲစွာထားပြီး အလုပ်ကိုကြိုးစား၍ လုပ်ကိုင်လေသည်။
ထိုသို့ အလုပ်ကြိုးစားမှု စည်းကမ်းရှိမှုတို့ကြောင့် ပစ္စည်းဥစ္စာများ စုဆောင်းမိလာ၏။ စုဆောင်းမိလာသော ဥစ္စာပစ္စည်းများကို ထိန်းသိမ်းရန်ဘဝကြင်ဖော် လိုလာ၏။ တတိယမြောက်ဇနီးအဖြစ် မိဂျာဥနှင့် လက်ထပ်ထိမ်းမြှားပြန်လေသည်။
မိဂျာဥနှင့် ထိမ်းမြှားပြီးနောက် စုဆောင်းထားသောငွေအပြင် သူဌေးကြီး ဦးထော်အာထံမှ ချေးယူထားသော ငွေအရင်းအနှီးဖြင့် သူဌေးကြီးဦးထော်အာထံမှ အလုပ်ခွဲထွက်ကာ မိမိကိုယ်ပိုင်သစ်လုပ်ငန်းကို စတင်လုပ်ကိုင်လေတော့သည်။
မောင်အောက်သည် ယုံကြည်မှုအပြည့်အဝဖြင့် သစ်တောသို့ တက်သွားသည်။ ထိုအချိန်၌ တနင်္သာရီတိုင်းသည် အင်္ဂလိပ်တို့ သိမ်းပိုက်ထားပြီး မြန်မာပြည်အထက်ပိုင်းမှာ မငြိမ်မသက်ဖြစ်နေသော အချိန်အခါဖြစ်လေသည်။ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ သီပေါမင်းပါတော်မူပြီးနောက် ကယားစော်ဘွားတို့က မိမိတို့ပိုင်သစ်တောများ ဖြစ်ကြသော လွယ်ကော်၊ မယ်ဖ၊ မယ်ခဲ၊ သဖန်းချောင်း သစ်တောများကို ဈေးပေါပေါဖြင့် မွန်လူမျိုးဦးနာအောက်အား သစ်ထုတ်ခွင့် ပေးလိုက်လေသည်။ ရှမ်းစော်ဘွားများကလည်း မိမိတို့ပိုင် သစ်တောများမှ နန်းဖဲတောကိုလည်း ဦးနာအောက် အား ဈေးနှုန်းချိုသာစွာဖြင့် လုပ်ကိုင်ခွင့်ပေးလေသည်။ နေ့ချင်းညချင်းဆိုသလို ဦးနာအောက်၏ စီးပွားရေးမှာ အံ့သြဖွယ်ကောင်းလောက်အောင် တိုးတက်လာတော့သည်။
ဦးနာအောက်၏ သစ်တံဆိပ်မှာ (၃၃၃) ဖြစ်သည်။ ယင်းတို့သည် ရတနာသုံးပါး၊ ပိဋကတ်သုံးပုံ၊ ဘုံသုံးပါးဟူ၍ အဓိပ္ပါယ်ရသည်။ ထိုတံဆိပ်ကို မှတ်ပုံတင်ပြီး မိမိ ပိုင်သစ်တောမှ သစ်များကို ယင်းတံဆိပ်ဖြင့် ခတ်နှိပ်လေသည်။ ကုသိုလ်ကံ အကျိုးပေးလာမှုကြောင့် ထုတ်လုပ်ရန်အလွန်ခက်သော မယ်ဖ၊ မယ်ခဲ၊ သဖန်းချောင်းသစ်တောများရှိ သစ်များသည် ထိုနှစ်တွင် မိုးသည်းထန် စွာရွာပြီး ရေလျှံမှုကြောင့် သံလွင်မြစ်အတွင်းသို့အလွယ်တကူ ရောက်ရှိလာကာ မြစ်တလျှောက်မျောပါလာကြပြီး ကတိုး၊ ကော့နှတ်သစ်ဆိပ်သို့ ကောင်းမွန်စွာ ဆိုက်ရောက်လာ ကြလေသည်။
ထိုအချိန်တွင် သံလွင်မြစ်ကမ်းပေါ်ရှိ သံဃာပိုင်ရွာမှ မော်လမြိုင်သို့ စီးဆင်းသော သံလွင်မြစ်တစ်လျှောက် ငါးမိုင်လောက်အကွာအဝေးအထိ သစ်ဖောင်များဖြင့် ပြည့်နှက်နေတော့၏။ ထိုသစ်အားလုံး၏ တံဆိပ်မှာ (၃၃၃) ဖြစ်လေသည်။ သစ်ထုတ်လုပ်ရေးစခန်းမှ ကော့နှတ်ရွာအရောက် သစ်တစ်လုံးအတွက် ကုန်ကျစရိတ်ငွေသည် ငွေဒင်္ဂါး ၂၀ ဖြစ်သည်။ မော်လမြိုင်တွင် ရောင်းရသော ဈေးနှုန်းမှာ ငွေဒင်္ဂါး ၉၀-၁၀၀ ထိ ရောင်းရသဖြင့် ထိုနှစ်ဦးမှာပင် ဦးနာအောက်သည် စုစုပေါင်း အမြတ်ငွေ ၁၀ သိန်းခန့် ရရှိလေတော့သည်။
ဇနီးသည် ဒေါ်ဂျာဥမှာလည်း နိုင်အောက်နှင့် ကြာရှည်လက်မတွဲလိုက်ရဘဲ သေမင်းခေါ်ရာနောက်သို့ လိုက်ရပြန်သည်။ ဦးနာအောက်သည် ထိုအချိန်တွင် အသက် ၄၀ ကျော်မျှသာရှိသေးသည်။ ဇနီးသည်သေဆုံးသည့်အတွက် တရားနှင့်ဖြေကာ အံကြိတ်၍ အလုပ်ကို ဆက်လုပ်လေတော့သည်။ အမြတ်ငွေ ဆယ်သိန်းဖြင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းကို တိုးချဲ့လိုက်လေသည်။
သံလွင်မြစ်အရှေ့ဘက် ယိုးဒယား (ထိုင်း) ပြည်တွင် မယ်ဟောင်ဆွန်သစ်တော ကြိုးဝိုင်းကို အခွန်ဆောင်ပြီး မိမိကိုယ် တိုင်ကြီးကြပ်၍ ဆင်ပေါက်အစီး (၄၀) နှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ရာ အမြတ်အစွန်းများစွာ ရလာပြန်၏။
လုပ်ငန်းကိုတွင်ကျယ်လာအောင် မယ်ဟောင်စွန်သစ်တောကို တူဖြစ်သူ (ဇနီးမိ ဂျာဥ ဘက်မှ) နိုင်ထွန်းရင်နှင့် နိုင်တွတ်တို့အား ဆင်အစီး ၄၆ စီးနှင့် ကြီးကြပ် ခိုင်းစေပြီး မိမိမှာမူ ရှမ်းပြည်ရှိ မောင်းမဲသစ်တောနှင့် ကယားပြည်နယ်ရှိ ဖားစောင်း သစ်တောကို ဆက်လက်လုပ်ကိုင်ပြန်သည်။
ဦးနာအောက်သည် များစွာအောင်မြင်မှု ရပြီးနောက် ကဒိုးကော့နှတ်ရွာသို့ပြန်လာသောအခါ သစ်တောလုပ်ငန်းတွင်တွင် ချစ်တီးကုလားနှင့် ဘာဘူကုလားများသည်တိုင်းရင်းသားဖြစ်ကြသော တောင်သူလယ်သမားများ အား မတန်မဆသောအတိုးနှုန်းဖြင့် ငွေချေးပြီးသွေးစုပ်ချယ်လှယ်နေသည်ကို တွေ့မြင်ရသဖြင့် ထိုချစ်တီးကုလားနှင့် ဘာဘူကုလားများကို တိုက်ရန်အတွက် ငွေတိုးချစားခြင်းနှင့် စပါးရောင်းဝယ်လုပ်ငန်းကို တိုးချဲ့စမ်းသပ်လုပ်ကိုင်လေတော့သည်။
နိုင်ငံခြားပွဲစား ချစ်တီး၊ ဘာဘူကုလားများသည် သူတို့၏စီးပွားရေး ဈေးကွက်ထဲသို့ မွန်တိုင်းရင်းသား ခေတ်ပညာမဲ့ ဘုန်းကြီးကျောင်းထွက် အရင်းရှင်ပေါက်စတစ်ယောက် ဝင်ထွက်လာသည်ကို အထူးမလိုလား၍ ဦးနာအောက်၏ လုပ်ငန်းပျက်စီးရာပျက်စီးကြောင်းအတွက် နည်းအမျိုးမျိုးဖြင့် တိုက်ခိုက်လာကြ၏။ ထိုသို့တိုက်ခိုက်ခံရမှုအပြင် ဦးနာအောက်အလုပ်သမားများ၏ လုပ်ငန်းမကျွမ်းကျင်မှုကြောင့် ပထမတွင် အရှုံးနှင့်သာ ရင်ဆိုင်ရလေတော့သည်။
သို့သော်လည်း ဦးနာအောက်မှာကား “ဘဲအုပ်တစ်ရာနှစ်ရာ မဗေဒါကတစ်ပင်တည်း၊ မဗေဒါအံကိုခဲ ပန်းပန်လျှက်ပဲ” ဟူသော စာဆိုနှင့်အညီ အရင်းရှင်နိုင်ငံခြားသားတို့ ဝိုင်းပြီး တိုက်ခိုက်ကြသည်ကို အပြုံးမပျက် အံကြိတ်လျှက် ရင်ဆိုင်ရန် ဆုံးဖြတ်ချက်ချ လိုက်လေသည်။
မိမိ၏ပွဲစားများနှင့် အလုပ်သမားများ မကျွမ်းကျင်မှုကြောင့် လုပ်ငန်းမအောင်မြင်သည်ကို တွေ့ရသဖြင့် သစ်တောလုပ်ငန်း၌ အားထားရသော လူယုံတော်ဦးငယ်ကိုဆင့်ခေါ်ပြီး စပါးလုပ်ငန်းတွင် တာဝန်ယူ ထမ်းဆောင်စေသည်။ ငွေကြေးဘက်တွင်မူ မိမိ၏လူယုံတော်ဦးဘိုးခင်အား တာဝန်ချထားလေသည်။ စာရေးကြီးဦးဘိုးခင်သည် နေ့စဉ် ဝင်ငွေထွက်ငွေစာရင်းနှင့် ဘဏ်သွင်းငွေထုတ်ငွေစာရင်းများကို ဦးနာအောက်အား တင်ပြအစီရင်ခံရလေသည်။
မကြာမီသောကာလတွင်ပင် သူဋ္ဌေးကြီးမုဆိုးဖို ဦး နာအောက်သည် လယ်သူမ မိဗျူအား မိမိ၏ စတုတ္ထမြောက်ဇနီးအဖြစ် လက်ထပ်ထိမ်းမြားလိုက်လေသည်။ ဦးနာအောက်သည် ဆင်းရဲသားဘဝမှ ချမ်းသာလာသူပီပီ ဘဝတူဆင်းရဲသားများအား ကူညီလေ့ရှိ၏။ မိမိကဲ့သို့ ချမ်းသာလာနိုင်အောင် ထာဝရ ဂရုဏာရှေ့ထားပြီး ထောက်ပံ့ခြင်း၊ သွန်သင်ဆုံးမခြင်းနှင့် ချီးမြှင့်မြှောက်စားခြင်းတို့ကို အစဉ်တစိုက်ပြု လုပ်သည်။ တစ်လလျှင် ငွေဒင်္ဂါး ၂၀ ရသော အလုပ်သမားတစ်ယောက်သည် လတိုင်းလတိုင်းမထုတ်ဘဲ တစ်နှစ်ပြည့်မှ ငွေဒင်္ဂါး ၂၄၀ ထုတ်ယူလျှင် အထူးချီးမြှင့်ငွေအဖြစ် ငွေဒင်္ဂါး ၅၀၀ ထပ်ဆောင်းပေး ရုံတွင်မက အဝတ်အစားများပါ ထောက်ပံ့လေသည်။ ထို့ကြောင့် ဦးနာအောက်၏ အလုပ်သမားများသည် သူ၏နောက်ကွယ်တွင် မည်သူမျှ ခိုးယူသုံးစွဲ အလွဲသုံးစားမှု မပြုလုပ်ကြချေ။
ဦးနာအောက်သည် ငွေတိုးချလုပ်ငန်းကိုလည်း လုပ်ကိုင်သည်။ ချစ်တီးကုလားထံ လယ်သမားများ အဆမတန်သော အတိုးဖြင့် ငွေချေးရသည်ကို မိမိသည်လည်း လယ်သမားဘဝမှ တက်လာသူ ဖြစ်သည်နှင့်အညီ တွေ့မြင်ရသည့်အတွက် ချစ်တီးကုလားကို ပြန်တိုက်သည့်သဘောဖြင့် အတိုးနှုန်းသက်သက်သာသာဖြင့် လယ်သမားများအား ငွေချေး၏။ လယ်ယာလုပ်ငန်းကိုလည်း တိုးချဲ့သည်။ ၎င်း၏ လုပ်ငန်းများတွင် တိုင်းရင်းသားများကိုသာ လုပ်ကိုင်စေ လေသည်။
ဦးနာအောက်သည် အင်္ဂလန်နိုင်ငံ စကော့တလန်ပြည်၊ ဂလာစဂိုမြို့ရှိ မက္ကီအင် ဘက္ကစတာ ကုမ္ပဏီထံမှ သင်္ဘောများနှင့် စက်ပစ္စည်းများကို ဦးရွှေလေးအား စေလွှတ်၍ မှာကြားဝယ်ယူလေသည်။
သင်္ဘောလွန်းတင်ရန်အတွက် သင်္ဘောကျင်းကို မုတ္တမမြို့၊ ဆီဆုံရပ်၌ တည်ဆောက်လေသည်။ ထိုသင်္ဘောကျင်းသည် သက္ကရာဇ် ၁၂၆၂ ခုနှစ်တွင် တည်ဆောက်ပြီးစီးပြီး ကုန်ကျစရိတ်မှာ တစ်သိန်းကျော်ဖြစ်သည်။
ဦးနာအောက် ပိုင်ဆိုင်သော သင်္ဘောများမှာ (၁) အောင်စင်္ကြာ၊ (၁) အောင်မင်္ဂလာ၊ (၃) အောင်တပ်၊ (၄) အောင်သိန်း၊ (၅) အောင်ဒီပါ၊ (၆) အောင်သီတာ၊ (၇) အောင်မင်္ဂလာဖြစ်ပြီး နှစ်ထပ်သင်္ဘောများဖြစ်သည်။ တစ်ထပ်သင်္ဘောများမှာ (၁) အောင်ဇေယျနှင့် (၂) အောင်နိဗ္ဗာန်ဟု ခေါ်သော်လည်း နောင်တွင် အောင်ခေမာနှင့် အောင်ပန်းဟူ၍ အသီးသီး ပြောင်းလဲခေါ်တွင်စေခဲ့သည်။
ဦးနာအောက်ပိုင် မီးသင်္ဘောတို့သည် ကိုးစီးဖြစ်ကာ နှစ်ထပ်မီးသင်္ဘော၏ ကျသင့်ငွေသည် တစ်စီးလျှင် ကျပ် ၆၀၀၀၀ ဖြစ်ပြီး တစ်ထပ်မီးသင်္ဘော၏ ကျသင့်ငွေသည် တစ်စီးလျှင် ကျပ် ၃၅၀၀၀ ဖြစ်လေသည်။
သင်္ဘောများ၏ ကိုယ်ထည်နှင့် အမိုးများကို ငှက်ပျောညွန့်အရောင် ဆေးချယ်ထားပြီး သင်္ဘော၏ ပြောင်းတိုင်များကို အညိုရောင် အခံထား၍ အဖြူရောင်ဖြင့် ရစ်ပတ်ထားလေသည်။ သင်္ဘောသားအားလုံးတို့သည် တိုင်းရင်းသားများသာ ဖြစ်လေသည်။ ထိုသင်္ဘောများသည် သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္ထရံမြစ်များ တွင် ပြေးဆွဲ၏။
သင်္ဘောခများကို အင်္ဂလိပ်ပိုင် ဧရာဝတီကုမ္ပဏီက သင်္ဘောခများထက် လျှော့ပေါ့စေပြီး ဘုန်းတော်ကြီး၊ ရှင်သာမဏေ၊ သီလရှင်၊ လူအိုနှင့် ကလေးငယ်များအား အခမယူပဲ နိဗ္ဗာန်ကူးတို့အဖြစ် သတ်မှတ်၏။ ထို့ပြင် ဦးနာအောက်သည် နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆုတ် (၃) ရက်နေ့မှစ၍ အောင်နိဗ္ဗာန် တစ်ထပ် သင်္ဘောပေါ်တွင် ကုနိသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ တင်ဆောင်ပြီး သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္ထရံမြစ်များတို့၏ ဝဲယာရှိ ကျောင်းများနှင့် ဘီလူးကျွန်းဘက်ရှိ ကျောင်းများတွင် တန်ဆောင်မုန်း လပြည့်နေ့အထိ ကထိန်အလှူများအဖြစ် သွားရောက်လှူဒါန်းလေ၏။ ယင်းအပြင် နိဗ္ဗာန်ကူးတို့အဖြစ် သတ်မှတ်လှူဒါန်းထားသော အလှူဒါနအတွက်လည်း တစ်ခါနှစ်ခါ ရေစက်ချ အမျှပေး ဝေလေ့ရှိသည်။
ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသော အင်္ဂလိပ်နယ်ချဲ့အရင်းရှင်ပိုင် ဧရာဝတီကုမ္ပဏီကြီးသည် သူ၏စီးပွားရေးကွက်ထဲသို့ ဝင်ရောက်လာသော တိုင်းရင်းသားအရင်းရှင် ဦးနာအောက်ပိုင် သင်္ဘောများကို မလိုလားမနှစ်သက်ချေ။
ထို့ကြောင့် ဦးနာအောက်သင်္ဘောက တစ်ကျပ်နှုန်းယူလျှင် ဧရာဝတီကုမ္ပဏီက တစ်ဝက်လျှော့ကာ ငါးမူး (၅၀ ပြား)နှုန်း ယူလေ၏။ ဦးနာအောက်က တစ်မတ် (၂၅ ပြား) နှုန်း လျှော့လိုက်၏။ ဧရာဝတီက တစ်မူး (၁၀ ပြား) ဧရာဝတီက တစ် ပဲ (၅ ပြား) နောက်ဆုံးတွင် အခမဲ့တင်လာသည့်အထိ တိုက်ပွဲဆင်လာကြ၏။
ဦးနာအောက်၏ သင်္ဘောများဆိပ်ကမ်းတွင် မဆိုက်ကပ်နိုင်အောင် သင်္ဘောဆိပ် ကမ်းမှန်သမျှ မိမိတို့သင်္ဘောများသာ ဆိုက်ကပ်ခွင့်ရရန် ဧရာဝတီသင်္ဘော ကုမ္ပဏီသည် အခွန်ဆောင်၍ ဝယ်ယူလေသည်။ ဦးနာအောက်၏ သင်္ဘောများ ဆိုက်ကပ်ရန် သင်္ဘောဆိပ်ကမ်းမရှိသဖြင့် အခက်အခဲတွေ့ရလေ၏။ ထိုအခါ ဘုရင်ခံ၏ အတိုင်ပင်ခံအဖွဲ့ဝင်လည်း ဖြစ် ကတိုးရွာရှိ တိုင်တစ်လုံးအိမ်ပိုင်ရှင် လည်းဖြစ်သော ဦးရွှေလေးက ဧရာဝတီကုမ္ပဏီသည် ဆိပ်ကမ်းကို အခွန်ဆောင်၍ ကုမ္ပဏီပိုင်ဖြစ်အောင် လုပ်နိုင်သကဲ့သို့ မြစ်ချောင်းအားလုံးကို ဦးနာအောက်ပိုင်ဖြစ်အောင် အကြံပေး သဖြင့် သူ၏အကြံပေးချက်အရ မြစ်ချောင်းအားလုံးကို အခွန်ဆောင်လိုက်သောကြောင့် ဧရာဝတီကုမ္ပဏီမှ သင်္ဘောများသည် မြစ်ချောင်းတို့တွင် ပြေးဆွဲနိုင်ခြင်းမရှိတော့ချေ။
ဧရာဝတီက ဆိပ်ကမ်းများပိုင်ပြီး ဦးနာအောက်က မြစ်ချောင်းများပိုင် ဖြစ်လေသည်။ ခရီးသည်များသွားလာရေး ခက်ခဲလာတော့၏။ တရားရုံးသို့ ရောက်သွားကြ၏။ တရားရုံးမှ ဆုံးဖြတ်လိုက်သည်မှာ ဧရာဝတီသင်္ဘောသည် ခရီးတစ်ခုခုအတွက် ဆိပ်ကမ်းမှ ဦးနာအောက် သင်္ဘောထက်အချိန်စောစွာ ထွက်စေပြီး ဦးနာအောက်သင်္ဘောထက်ဦးစွာ ဆိုက်ရောက်ရမည်ဟု ဆို၏။
တိုင်းရင်းသားအရင်းရှင် ဦးနာအောက်သည် နယ်ချဲ့အရင်းရှင်ကို မီးသင်္ဘောသယ်ယူပို့ဆောင်ရေးအတွက် ယှဉ်ပြိုင်သတ္တိပြလိုက်သည်မှာ မော်ကွန်းတင်သွားလေတော့၏။ ဦးနာအောက်သည် ဆင်းရဲသားဘဝမှ လာသည်နှင့်အညီ မိမိဘဝကို မည်သည့်အခါမှ မမေ့ချေ။ အစားအသောက်၌လည်း ချေးမများချေ။
တောအစားအစာများသာ နှစ်သက်စားသောက်ပြီး ကွမ်းကိုတဒုန်းဒုန်းနှင့်ထောင်း၍ အမြဲတမ်း စားလေ့ရှိ၏။
ဦးနာအောက် ဆောက်လုပ်လှူဒါန်းခဲ့သော အဆောက်အအုံများ
(၁) မွေးရပ်ကော့မယ်ခရရွာတွင် ကျောင်း၊ သိမ်နှင့် ဇရပ်များ။
(၂) ခရုံရွာတွင် ကျောင်းတစ်ကျောင်း။
(၃) မော်လမြိုင်တောင်ဝိုင်းရပ်တွင် ” ပန်းဥယျာဉ်ကျောင်း” သိမ်ကျောင်း ကြီး။
(၄) ကော့နှတ်ရွာစာသင်တိုက်၊ ဆွမ်းစားဆောင်နှင့် ဘုရားတန်ဆောင်း။
(၅) အတုမရှိကျောင်း၊ ရက်ကန်းစင်ကျောင်း (ယခုပျက်စီး) ။
(၆) နှစ်ကျိပ်ရှစ်ဆူဝတ်တန်ဆောင်း။
(၇) ဒီပင်္ကရာဝတ်တန်ဆောင်း။
(၈) မဟာဝိဇယသိမ်တော်ကြီး။
(၉) ဆုတောင်းပြည့်ဝတ်တန်ဆောင်း။
(၁၀) မဟာစေတီကြီးနှင့် ဆုတောင်းပြည့်စေတီ။
သာသနာတော်ကို အားပေးချီးမြှောက်လှူဒါန်းသော ဘုရားဒါယကာကြီး ဦးနာအောက်သည် မည်သူမျှမလွန်ဆန်နိုင်သော သင်္ခါရတရားကြောင့် သက္ကရာဇ် ၁၂၇၅ ခုနှစ်၊ နယုန်လဆုတ် (၁၂) ရက်၊ မွန်းလွဲ (၁၂) နာရီ (၃၅) မိနစ်အချိန်၊ အသက် ၈၁ နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။
ဦးနာအောက် ၏ အလောင်းကို (၇) ရက်၊ (၇) ညထားကာ နေ့စဉ် လှူဒါန်းကျွေးမွေးပြီး (၇) ရက်ပြည့်သည့်နေ့တွင် သင်္ဂြိုဟ်လိုက်သည်။ နောင်လာနောက်သားများ လေ့လာမှတ်သားနိုင်အောင် ဦးနာအောက်၏ ရုပ်ပုံကို ခရစ်သက္ကရာဇ် ၁၉၂၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် ထုလုပ်ပြီးစီးခဲ့သည်။ ထုလုပ်ခမှာ ကျပ် ၅၀၀၀ ဖြစ်လေသည်။ ယင်းကျောက်ရုပ်တုအောက်တွင် မွန်ဘာသာ၊ မြန်မာဘာသာ နှစ်ဘာသာဖြင့် “ကော့နှတ်ရွာနေ ကောင်းမှုပုညရှင်ကြီးဖြစ်သော သစ်ကုန်သည်၊ ဆန်စက်ပိုင်ရှင်၊ မြန်မာပြည် မီးသင်္ဘောသူဋ္ဌေးကြီး၊ ဘုရားဒယကာကြီး ဦးနာ အောက်သည် သက္ကရာဇ် ၁၁၉၄ ခု ၊ ကဆုန်လဆုတ် ၃ ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားပြီး သက္ကရာဇ် ၁၂၇၅ ခုနှစ် နယုန်လဆုတ် ၁၂ ရက်နေ့၊ ၁၂ နာရီ၊ ၃၅ မိနစ်အချိန်တွင် ကွယ်လွန်လေသည်” ဟု ကမ္ပည်းထိုးထားပေသည်။
ကျေးဇူးတင်ပါသည်