(ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့၏ မွန်စာပေသမိုင်း မူရင်းမွန်ဘာသာမှ ကောက်နုတ်ဖော်ပြသည်)
မွန်လူမျိုးတို့၏ ဟံသာဝတီမင်းဆက် “ဗြမိုင်ဓိရာဇာဓိပတိ” ဘွဲ့ခံ ဗညားဒလဘုရင်လက်ထက် ခရစ်သက္ကရာဇ် AD 1757 May 6 ၊ မွန်မြန်မာသက္ကရာဇ် ၁၁၁၉ ခုနှစ် ကဆုန်လပြည့်ကျော် (၈) ရက်နေ့တွင် ဗမာဘုရင် ဦးအောင်ဇေယျကို စစ်ရှုံးခဲ့သည်မှစတင်၍ မွန်လူမျိုးတို့၏အချုပ်အချာအာဏာ လုံးဝကွယ်ပျောက်သွားခဲ့ရပြီး မွန်စာပေသည်လည်း သူ့ကျွန်ဘဝအောက်သို့ ကျရောက်သွားခဲ့သည်။
လက်ရှိအောက်မြန်မာပြည်တဝန်းရှိ ရာမညသုံးတိုင်းကို ဗဟိုပြုအုပ်စိုးလာခဲ့သော မွန်နေပြည်တော် ဟံသာဝတီ ပဲခူးမြို့(ဗဂိုး) သည် စစ်ရှုံးသဖြင့် ထီးနန်းပျက်သုဥ်းခြင်းနှင့်အတူ မွန်တို့၏နောက်ဆုံးမင်းဆက်ပါ နိဂုံးအဆုံးသပ်သွားခဲ့ပြီး ကုန်းဘောင်မင်းဆက် ဗမာဘုရင်တို့ လက်အောက်တွင် ၁၇၅ရ မှ ၁၈၂၄ အထိ (၆၇) နှစ်ကြာမျှ ကျွန်ဘဝသို့ ရောက်ရှိသွားလေ၏။
ကုန်းဘောင်မင်းဆက် ဘကြီးတော်ဘုရားလက်ထက် ၁၈၂၄ ခုနှစ် အဂႅလိက်-မြန်မာပထမစစ်ပွဲနှင့် ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ် အဂႅလိက်-မြန်မာဒုတိယစစ်ပွဲများတွင် လက်ရှိအောက်မြန်မာပြည်တဝန်းရှိ မွန်ဒေသအားလုံးကိုလည်းကောင်း၊ သီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ် အဂႅလိက်-မြန်မာတတိယစစ်ပွဲ၌ မြန်မာပြည်အထက်ပိုင်းကို လည်းကောင်း ဗမာဘုရင်တို့က စစ်ရှုံး၍ လက်လွှတ်လိုက်ရသဖြင့် မွန်လူမျိုးတို့သည် အဂႅလိပ်တို့လက်အောက်တွင် ၁၂၃ နှစ်ကျော်ခန့် တဖန်ကျရောက်သွားပြန်သည်။
ဗမာဘုရင် (၆၇) နှစ်ခန့်နှင့် အဂႅလိပ် (၁၂၃) နှစ်ခန့် အစိုးရ ၂ ဆက် အုပ်ချုပ်လာခဲ့သည့် နှစ်ပေါင်း (၁၉၀) ကျော်ကာလအတွင်းမှာ မွန်စာပေသည် မွန်ဘုန်းတော်ကြီးကျောင်းများ၌ ပုန်းအောင်းခိုလှုံနေလာခဲ့ရသည်။
၁၇၅၇ ခုနှစ် မွန်ဘုရင်စစ်ရှုံးခဲ့စဥ်က အသက်ဘေးမှလွတ်မြောက်ရန် မွန်လူမျိုးတို့သည် ယိုးဒယား(ထိုင်း) နိုင်ငံသို့ အစုလိုက်အပြုံလိုက် ထွက်ပြေးသွားခဲ့သူများလည်း ရှိသည်။ အလောင်းဘုရား ဦးအောင်ဇေယျ၏ “ကျူပင်ခုတ် ကျူငုတ်မကျန်စေရ” ဆိုရိုးစကားအတိုင်း Genocide လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ကြောင်း မွန်ရာဇဝင်များတွင် အတိအလင်း ရေးသားဖော်ပြကြသည်။
မွန်စကားပြောသူ သို့မဟုတ် မွန်လူမျိုးဟု ဆိုလိုက်လျင် အသက်အန္တရာယ်ကိုပင် ရန်ပြုလာကြသည့် ဘေးမှလွတ်မြောက်နိုင်ရန် မွန်လူမျိုးအများစုတို့သည် မွန်လူမျိုးဟုမခံယူလိုကြသလို မွန်စကားကိုလည်း မပြောဝံ့ကြတော့ပေ။ တောနေလူတန်းစားအသွင် ပုန်းလျှိုးကွယ်လျှိုးဖြင့် မထင်မရှား နေထိုင်လာခဲ့ကြခြင်းကြောင့်သာ လက်ရှိမိမိတို့ဒေသတွင် ယခုကဲ့သို့ မွန်လူမျိုးများ ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုသုံးသပ်ကြ၏။ တပါးလူမျိုး၏ အုပ်ချုပ်မှုအာဏာစက်အောက်တွင် မွန်လူမျိုးတို့ နှစ်ပေါင်းနှစ်ရာကျော် နေထိုင်လာခဲ့သောကြောင့် မွန်တို့၏မျိုးချစ်စိတ်ဓါတ်နှင့် စာပေချစ်မြတ်နိုးမှုတို့သည် ဆားငံရည်အိုးပမာ လုံးပါးပါးသွားခဲ့ရသည်။
မိမိတို့နိုင်ငံကို အဂႅလိပ်အစိုးရအုပ်ချုပ်စဥ်ကာလများတွင် စာပေသင်ကြားမှုကိစ္စအရပ်ရပ်တို့သည် ဘုန်းတော်ကြီး ကျောင်းဝင်းများအတွင်းမှာသာ ရှိနေခဲ့သည်။ ကျောင်းသားများနှင့် ကျောင်းဆရာတို့သည် ဘုန်းတော်ကြီးကျောင်း များအတွင်း၌ပင် စာပေသင်ကြားနေရသောကြောင့် အဂႅလိပ်လူမျိုးတို့၏ ခရစ်ယာန်သာသနာစည်းရုံးရေးလုပ်ငန်းများမှာလည်း မွန်လူမျိုးအတွင်းသို့ ထိရောက်စွာ မထိုးဖောက်နိုင်ခဲ့ပေ။
ထို့ကြောင့် မွန်တို့၏ သာသနာ၊ အမျိုးဘာသာစကား၊ စာပေပညာ၊ ယဥ်ကျေးမှုတို့ တိုးတက်ရေးကို ရှေးရှုလျှက် မွန်အမျိုးသားတို့၏ သမိုင်းကို နားလည်သိရှိကြသော ရန်ကုန်မြို့နေ မွန်မျိုးချစ်ပညာတတ်တို့သည် ဒုတိယကမ္ဘာစစ်ပွဲမဖြစ်မီစပ်ကြား ၁၉၃၉ ခုနှစ် သြဂုတ်လ (၆) ရက်နေ့တွင် ရွှေတိဂုံဘုရား တောင်ဘက် စောင်းတန်းရှိ မော်လမြိုင်ဇရပ်၌ အစည်းအဝေးကျင်းပ၍ ရာမညတိုင်းလုံးဆိုင်ရာ မွန်အသင်းကြီး All Ramannya Mon Association, Rangoon ကို ကနဦးစတင်ဖွဲ့စည်း လာခဲ့သည်။
“ရာမညတိုင်းလုံးဆိုင်ရာ မွန်အသင်းကြီး” ပေါ်ပေါက်လာပြီးနောက်ပိုင်းတွင် မွန်စာပေ၏အသက်သည် တဖန်ပြန်လည် နိုးထလာခဲ့သည်။ အသင်းကြီးကို ဝတ်လုံတော်ရ ဥက္ကဌ နိုင်ကျန်း(ပဲခူး) နှင့် အတွင်းရေးမှူး နိုင်ဒွေး(ပဲခူး) တို့က ဦးဆောင်လာခဲ့သည်။
၁၉၄၂ ခုနှစ် မေလ၌ အဂႅလိပ်တပ်များ မြန်မာပြည်မှဆုတ်ခွာသွားပြီးနောက် အောက်တိုဘာလတွင် ဂျပန် စစ်အစိုးရ၏ သဘောတူညီချက်အရ မြန်မာနိုင်ငံတော်အစိုးရက မူလတန်းကျောင်း ၁ဝဝဝ၊ အလယ်တန်းကျောင်း ၃ဝဝနှင့် အထက်တန်းကျောင်း ၁ဝဝ ဖြင့် ရှေးဦးစွာ စတင်ဖွင့်လှစ်ခဲ့၏။ စစ်ကြိုခေတ်ကဲ့သို့ ကျောင်းအမျိုးအစားများ မခွဲခြားတော့ဘဲ သင်ရိုးတစ်မျိုးတည်းကိုသာ သင်ကြားသော ကျောင်းတမျိုးတည်းသာ ထားရှိ၍ သင်ရိုးမဏ္ဍိုင်အဖြစ်လည်း မြန်မာဘာသာကိုသာ အသုံးပြုခဲ့လေသည်။
ဒုယိယကမ္ဘာစစ်ပြီးသွား၍ စစ်ရှုံးဂျပန်များ ပြန်ထွက်သွားပြီး တည်ငြိမ်မှုရလာသည့်အချိန် ၁၉၄၆ ခုနှစ်တွင် “ရာမညတိုင်းလုံးဆိုင်ရာ မွန်အသင်းကြီး” ကို အမှုဆောင်အသစ်များဖြင့် တဖန်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဥက္ကဌ နိုင်ဘသိန်း၊ အတွင်းရေးမှူး နိုင်ထွန်းသိန်း၊ တွဲဖက်အတွင်းရေးမှူး နိုင်ငွေသိမ်းနှင့် ဘဏ္ဍာထိန်းမှာ ဓါတုဗေဒမင်းကြီး နိုင်ချစ်သောင်း ဖြစ်၏။ တဖန် ၁၉၄၇ ခုနှစ်တွင် အသင်း၏အမှုဆောင်အဖွဲ့ကို ပြန်လည်ရွေးချယ်ဖွဲ့စည်းခဲ့ရာ နိုင်ချစ်သောင်းက ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရသည်။ ထိုအချိန်မှစ၍ ရာမညတိုင်းလုံး ဆိုင်ရာ မွန်အသင်းကြီး၏ အစီအစဥ်ဖြင့် မွန်ရွာကြီးများတွင် မွန်စာပေသင်ကြားရေးကို စတင်ဆောင်ရွက်လာခဲ့သည်။ မွန်စာပြဆရာများကို မွန်အသင်းကြီးက ခန့်အပ်၍ လစာထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းကဲ့သို့ ရာမညတိုင်းလုံး ဆိုင်ရာ မွန်အသင်းကြီးက မွန်စာပေသင်ကြားရေးလုပ်ငန်းစတင်လာသည့်အချိန်တွင် ဘုန်းတော်ကြီးကျောင်းများမှ မွန်စာပေသင်ကြားမှုသည်လည်း ကျေးရွာများသို့ တပြိုင်နက်ပျန့်နှံ့လာခဲ့သည်။
အစိုးရစာသင်ကျောင်းများတွင် မွန်စာပေဆက်လက်သင်ကြားနိုင်ရေးအတွက် ရာမညတိုင်းလုံးဆိုင်ရာ မွန်အသင်း ကြီးက ဖဆပလအစိုးရထံ ခွင့်ပြုချက်တောင်းခံခဲ့သည်။ ၁၉၅၂ ခု စာသင်နှစ်တွင် အစိုးရမူလတန်း စာသင်ကျောင်း များအတွင်း မွန်စာပေသင်ကြားရေးအတွက် ဖဆပလအစိုးရက မွန်စာပြဆရာ (၁၀) ဦး ခန့်အပ်ပေးခဲ့သည်။
မွန်ဖတ်စာအုပ်များကို သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်းအထိ မွန်အသင်းကြီးမှ သင်ရိုးညွှန်းတန်းပြုစုပေး၍ အစိုးရက ပုံနှိပ်ထုတ်ဝေပေးခဲ့ပြီး ကျောင်းသားများအား အခမဲ့ဝေငှပေးခဲ့သည်။ မွန်စာပေသင်ကြားရေးကို မူလတန်းအဆင့်သာမက အလယ်တန်း၊ အထက်တန်းနှင့် မော်လမြိုင်ကောလိပ်တွင်လည်း အစိုးရက ခွင့်ပြုပေးခဲ့သည်။ ထိုစဥ်က မော်လမြိုင်ကောလိပ် မွန်စာဌာနတွင် မွန်ရာဇဝင်၊ ရာဇဓိရာဇ်အရေးတော်ပုံကျမ်းနှင့် မွန်ကဗျာစာပေများကို သင်ကြားပေးခဲ့သည်။ မွန်စာပြဆရာမှာ ကထိက ဆရာနိုင်ထွန်းရွှေ ဖြစ်သည်။
မွန်အမျိုးသားများအတွက်ရည်ရွယ်၍ ၁၉၅၃ ခုနှစ်တွင် ဖဆပလအစိုးရက မွန်ရေးရာအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ အစိုးရပညာရေးဌာနအနေဖြင့် မွန်စာပြကျောင်းဆရာများကို ခန့်အပ်ပေးရန် ရာမညတိုင်းလုံးဆိုင်ရာ မွန်အသင်းကြီးက ထပ်မံတောင်းဆိုခဲ့သည်။ ထိုခေတ်က ၇ တန်းအောင်များကို အစိုးရက လစာပေး၍ မွန်စာပြဆရာများကို ခန့်အပ်ပေးခဲ့သည်။
ဤနေရာတွင် မွန်တို့အခက်တွေ့ရပြန်သည်။ မွန်စာပြဆရာခန့်အပ်ရာတွင် ၇ တန်းအောင်ဖြစ်သော်လည်း မွန်စာမတတ်၊ မွန်စာပေကောင်းကောင်းတတ်မြောက်သော်လည်း အတန်းပညာ ၇ တန်းမအောင်မြင်ခဲ့သဖြင့် မွန်စာပြဆရာခန့်အပ်ပေးရေးမှာ မဖြစ်နိုင်တော့ပေ။ သို့ဖြစ်ရာ အစိုးရထံ တဖန်ပြည်လည်တောင်းဆို၍ မွန်စာပြဆရာ ခန့်အပ်ရေး စာမေးပွဲကျင်းပ၍ ရွေးချယ်သွားရန် ဖြစ်သည်။
အစိုးရပညာရေးဌာနမှကြီးမှူး၍ ၁၉၅၃ ခုနှစ်အတွင်းမှာပင် မွန်စာပြကျောင်းဆရာစာမေးပွဲကို ကျင်းပခဲ့သည်။ မွန်စာပြကျောင်းဆရာလောင်း ၃၀၀ ဦးခန့် စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ရာတွင် ၂၈ ဦးသာ အောင်မြင်ခဲ့သည်။ ၁၉၅၄ ခုနှစ်မှာလည်း ကျောင်းဆရာလောင်း ၃၀၀ ဦး ဆက်လက် ဖြေဆိုခဲ့ရာ ၂၈ ဦးသာ အောင်မြင်ခဲ့ပါသည်။ ၇ တန်းအောင်များကိုသာ မွန်ကျောင်းဆရာခန့်အပ်ရေး စာမေးပွဲဖြေဆိုခွင့်ပြုမည်ဟု အစိုးရက သတ်မှတ်လိုက်ပြန်သဖြင့် ၁၉၅၅ ခုနှစ်တွင် ကျင်းပသည့် မွန်စာပြဆရာစာမေးပွဲကို မည်သူတစ်ဦးတစ်ယောက်မှ ဝင်ရောက်ဖြေဆိုခြင်းမပြုဘဲ သပိတ်မှောက်ခဲ့ကြသည်။ တဖန်အစိုးရဘက်မှ ပြန်လျှော့ပေါ့ပေး၍ ၁၉၅၆ ခုနှစ်တွင် ယခင့်ယခင်နှစ်များအတိုင်း ပြန်လည်ဖြေဆိုခွင့်ပြုပြန်သဖြင့် မွန်စာပြဆရာ (၄၈) ဦး အောင်မြင်လာခဲ့သည်။ သို့ရာတွင် ၁၉၅၇ ခုနှစ်နောက်ပိုင်း မွန်ကျောင်းဆရာခန့်အပ်ပေးခဲ့သည့် အခြေအနေများကို မသိရတော့ပေ။
ဖဆပလအစိုးရ ဖွဲ့စည်းပေးခဲ့သော မွန်ရေးရာအဖွဲ့သည် ပဥ္စမတန်း၊ အဌမတန်း၊ သတ္တမတန်း မွန်ဖတ်စာအုပ်များကို ဆက်လုပ်ထုတ်ဝေပေးခဲ့သည်။ အစိုးရပညာရေးဌာနလက်အောက်တွင် မွန်ကျောင်းဆရာ ၁၄၀ ဦးကျော် မွေးထုတ်ပေးခဲ့ကြောင်း သိရသည်။
မူလတန်းကျောင်းများအတွင်း မွန်စာပေသင်ကြားရေး အချိန်ဇယားအရ ရက်သတ္တတစ်ပတ် စာသင်ချိန်တွင် သူငယ်တန်းနှင့် ပထမတန်း စာသင်ချိန် (၆) ချိန်၊ ဒုတိယတန်းမှ စတုတ္ထတန်းအထိ စာသင်ချိန် (၅) ချိန် အသီးသီးရှိကြပြီး စာသင်ချိန်တစ်ချိန်မှာ (၄၀) မိနစ် ဖြစ်ပါသည်။
ဖဆပလအစိုးရ အုပ်ချုပ်သည့်ကာလ၌ မွန်ကျေးရွာများအတွင်း မွန်စာပေသင်ကြားနေသော မူလတန်း စာသင်ကျောင်းများကို “မွန်မူလတန်းစာသင်ကျောင်း” ဟု အမည်သတ်မှတ်ခေါ်ဝေါ်သည်။ မွန်မူလတန်းစာသင်ကျောင်းများအတွက် မွန်ပညာအုပ်တစ်ဦးကို ခန့်အပ်ပေးထားသည်။
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းတွင် မူလတန်းကျောင်းများတွင် ရှိခဲ့သော မွန်၊ ကရင် တိုင်းရင်းသားဘာသာ စာပေသင်ကြားမှုတို့ကို အဆင့်လျှော့ချလာခဲ့ပြီး သူငယ်တန်းနှင့် ပထမတန်းအဆင့်မှာသာ သင်ကြားခွင့်ပြုဟန် ထားရှိခဲ့သေးသည်။ သို့သော် နောက်ပိုင်းတွင် မွန်စာကို စာသင်ကျောင်းများမှ သူငယ်တန်းအဆင့်လောက်ကိုပင် သင်ကြားမည့်အစီအစဥ် မထားရှိတော့ပေ။ နောက်ပိုင်းမှာ မွန်စာပေသင်ကြားရေးသည် အစိုးရထောက်ပံ့မှုများမှ လုံးဝကင်းကွာသွားခဲ့ရသည်။
၁၉၇၄ ခုနှစ် မွန်ပြည်နယ်ပေါ်ပေါက်လာသောအခါ နွေရာသီ အစိုးရစာသင်ကျောင်းများပိတ်နေချိန်တွင် တက္ကသိုလ်ရောက် မွန်ကျောင်းသားများက ကျေးရွာအသီးသီးသို့ သွားရောက်ပြီး မွန်စာပေသင်ကြားရေးကို စတင်ကြိုးပမ်းဆောင်ရွက် လာခဲ့ကြသည်။
မွန်တက္ကသိုလ်ကျောင်းသားများအနေဖြင့် ၄င်းတို့သည် ပညာသင်ကြားနေရသည့် အချိန်လည်းဖြစ်နေသလို သက်ဆိုင်ရာ ဒေသအာဏာပိုင်တို့၏ တင်းကြပ်သည့်စည်းမျဥ်းဥပဒေအမျိုးမျိုးအောက်တွင် ရုန်းကန်နေရသောကြောင့် မွန်စာပေသင်ကြားရေးအတွက် နောက်ပိုင်းမှာ အချိန်မပေးနိုင် ဖြစ်လာခဲ့ကြသည်။
ပရိယတ္တိစာပေကိုသင်ကြားလာခဲ့ကြသော မွန်ရဟန်းသံဃာတော်များက နှစ်ကုန်ဆုံး၍ စာသင်တိုက်များပိတ်ချိန်တွင် မိမိရပ်ရွာအသီးသီးသို့ ပြန်လာကြကာ နွေရာသီမွန်စာပေသင်တန်းများကို နှစ်စဥ်ဖွင့်လှစ်သင်ကြား လာခဲ့ကြသည်။
ကျေးရွာ၊ တိုက်နယ်မှ မြို့နယ်အဆင့် စာပေသင်ကြားမှုမှ ယခုအခါ ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ မွန်ဘာသာဖြင့် “ဂကောံဗတောန်လိက်ပတ်မန် ကေုာံ ယေန်သၞာင်ဗုဒ္ဓဘာသာ အလုံဒေသရးမန်” ကို ၂၀၀၀ ပြည့်နှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။
၂၀၀၀ ပြည့်နှစ်က မော်လမြိုင်မြို့ သဘေႅာလဲကျောင်းတိုက်၌ အခြေပြု၍ ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ ကနဦး စတင်ဖွဲ့လှစ်ခဲ့ရာတွင် နာယကအဖြစ် သဘေႅာလဲကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သိဃႅ၊ ဥက္ကဌ ဘဒ္ဒန္တပါလိတ (ကမာဝက်ဓါတ်တော်ကျောင်း ဆရာတော်)၊ အတွင်းရေးမှူး ဘဒ္ဒန္တ ဣန္ဒက (လဝီမာန်ထောကျောင်း-ကမာဝက်) တို့က အသီးသီးဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြပါသည်။
ကိုးကားချက်
-ဝင်လိက်ပတ်မန် (သွက်ကွးဘာမန် ဥတုကညင် “ဂကောံဗတောန်လိက်ပတ်မန် ကေုာံ ယေန်သၞာင်ဗုဒ္ဓဘာသာ အလုံဒေသရးမန်”)
-မြန်မာနိုင်ငံ၏ ပညာရေး (Wikipidia)