မြဝတီမြို့စောင့်တပ် ခလရ – ၂၇၅ တပ်စခန်းမှ ထွက်ပြေးသွးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) တွင် ပုန်းရှောင်လျှက်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထုတ်ပြန်ချက်အရ သိရသည်။
မြဝတီမြို့ရှိ တပ်စခန်းများအားလုံး လက်လွှတ်ဆုံးရှုံးလိုက်ရသော စစ်ကောင်စီတပ်များအနေဖြင့် အရပ်သားပြည်သူလူထုနေထိုင်ရာနေရာဒေသများအတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အချိန်မရွေးပြုလုပ်လာနိုင်သည့်အတွက် ပြည်သူလူထုများအနေဖြင့် သတိဖြင့် ဘေးကင်းလုံခြုံရာနေရာများတွင် နေထိုင်ကြရန်လည်း KNU က အသိပေးထုတ်ပြန်ထားသည်။
ခလရ – ၂၇၅ တပ်စခန်းအား ဧပြီလ (၈) ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဧပြီလ (၁၁) ရက်နေ့ မနက် (၄) နာရီ (၂၀) မိနစ်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး၊ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ထိုသို့ သွားရောက်ပုန်းရှောင်နေသော စစ်ကောင်စီတပ်သားများအနေဖြင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားရောက်နိုင်ခြင်းမရှိဘဲ ပိတ်မိလျှက်ရှိကြောင်း၊ စစ်ကောင်စီတပ်သားများမှ ပြည်သူလူထုအား ရမ်းသန်းပစ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူလူထုများအနေဖြင့် ထိုနေရာအနီးတဝိုက်သို့ သွားရောက်ခြင်းမပြုလုပ်ရန် KNU က အသိပေးနှိုးဆော်ထားသည်။
စစ်ကောင်စီတပ် ခလရ – ၂၇၅ တပ်စခန်းလက်နက်ချအညံ့ခံရန် အခွင့်အရေးပေးသော်လည်း ထိုတပ်စခန်းမှ လက်နက်ချအညံ့ခံခြင်းမရှိဘဲ စစ်ကူများလာရောက်နိုင်ရန် အတွက် ခုခံတိုက်ခိုက်ခဲ့ကြောင်းနှင့် ထို့အတွက်ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA ) မှ ဦးဆောင်ပြီး၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ
ထိုစစ်ကောင်စီတပ် ခလရ – ၂၇၅ တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ထိုင်း – မြန်မာချစ်ကြည်ရေးတံတားအမှတ် (၂) တွင် သွားရောက် ပုန်းရှောင်နေခြင်း ဖြစ်သည်။
မြဝတီမြို့အနီးတွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက်ကြောင့် ဒေသခံပြည်သူထောင်နှင့်ချီပြီး ထိုင်းနိုင်ငံဘက်သို့ နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း နှင့် ထိုင်နိုင်ငံဘက်မှလည်း နယ်စပ်တလျှောက်လုံခြုံရေးတိုးမြှင့်ချထားကြောင်းသိရသည်။