“မွန်လူမျိုးရေးရာအဖွဲ့ချုပ် (မလရ) ပါတီတွင် မော်လမြိုင်မြို့ကို ပြန်မအပ်လိုသည့် အတွင်းရေးမှူး နိုင်ငွေသိမ်း၊ နိုင်ဘလွင်၊ နိုင်ထွန်းသိန်း၊ နိုင်သိမ်းမောင်တို့ အဖွဲ့နှင့် မြို့ကိုပြန်အပ်ပေးလိုက်သည့် ဥက္ကဌ နိုင်လှမောင်အဖွဲ့ဟူ၍ အမြင်နှစ်မျိုး အဖွဲ့နှစ်ဖွဲ့ကွဲခဲ့သော်လည်း ပဋိပက္ခများ မရှိခဲ့ကြပေ။
မွန်လူမျိုးရေးရာအဖွဲ့ချုပ် (မလရ)မှ သူတို့အချင်းချင်းနှစ်ဖွဲ့ကြားတွင် မည်သည့်ဘက်က မှန်သည်မှားသည်ဟု ဝေဖန်ပြောဆိုခြင်းမရှိဘဲ အမျိုးသားလွတ်မြောက်ရေးကိစ္စရပ်တွင် မိမိတို့ အားသန်ကြသလို ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားကြရန် ခေါင်းဆောင်များ အချင်းချင်းအကြား သဘောထားပြည့်ဝစွာဖြင့် နားလည်လက်ခံထား……..”
ကရင်နှင့်မွန်တပ်ဖွဲ့ မော်လမြိုင်မြို့သိမ်းခြင်း (၁၉၄၈)
နိုင်ထွန်းသိန်း၏ မွန်အမျိုးသားတို့၏ နောက်ခံသမိုင်းကို ပြန်လည်ဖော်ပြသည်။
၁၉၄၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ MNDO အဖွဲ့ဝင် လူငယ်တစုက သထုံခရိုင် ဖားအံမြို့နယ်၊ ဇာသပြင်ကျေးရွာရှိ ရဲစခန်းနှင့် ကာကွယ်ရေးတပ်ဖွဲ့များထံမှ လက်နက်လုယူ တိုက်ခိုက်သည့် ကိစ္စနှင့်ပတ်သက်၍ မွန်လူမျိုးရေးရာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး နိုင်ငွေသိမ်း၊ ပြန်ကြားရေးတာဝန်ခံ နိုင်ဘလွင် (နိုင်ရွှေကျင်)တို့ကို သြဂုတ် (၂၈) ရက်နေ့၌ အာဏာပိုင်တို့က ဖမ်းဆီးပြီး မော်လမြိုင်ထောင်သို့ ပို့လိုက်သည်။
နောက်တစ်နေ့တွင် ကလော့သော့မှ မွန်စံသူ၊ မွန်ဦးဘိုးကောင်း၊ နိုင်စိန်ထွန်း (ကညှော်)၊ နိုင်ကြောင်နှင့် မွန်ရဲဘော် (၂ဝ) ကျော်ကို ဖမ်းဆီးပြီး မော်လမြိုင်ထောင်သို့ ပို့၍ ဖမ်းချုပ်ထားလိုက်ပြန်သည်။
ထိုစဥ်က တနသႅာရီတိုင်းတစ်ခုလုံးကို လုံခြုံရေးယူထားသော ပြည်ထောင်စုစစ်ရဲ UMP အများစုမှာ ကရင်လူမျိုး များ ဖြစ်ကြသည်။ ထို့ကြောင့် ပြည်ထောင်စုစစ်ရဲများအကူအညီဖြင့် KNDO နှင့် MNDO တို့ ပူးပေါင်း၍ သထုံခရိုင် အစိုးရအုပ်ချုပ်ရေးရုံးဌာနကို အလွယ်တကူသိမ်းပိုက်နိုင်ခဲ့သည်။
ယင်းဖြစ်စဥ်ကို ရန်ကုန်မြို့ရှိ ဖဆပလအစိုးရကြားသိသောအခါ အစိုးရစစ်တပ်မှ စစ်ကူများ မပို့နိုင်သေးမီစပ်ကြား အခြေအနေများကို ထိန်းသိမ်းထားရန်နှင့် မော်လမြိုင်မြို့ဘက်သို့ စစ်မီးကူးစက်မလာအောင် မော်လမြိုင်ထောင်ရှိ မွန်ခေါင်းဆောင်များအား တွေ့ဆုံဆွေးနွေးရန် ဖဆပလအစိုးရက ရဲမင်းကြီး ဗိုလ်ချုပ်ဦးထွန်းလှအောင် နှင့် ကရင်အမျိုးသားအစည်းအရုံး KNU မှ စောသာဒင်တို့ကို မေယုစစ်သဘေႅာဖြင့် အမြန်စေလွှတ်လာခဲ့သည်။ သြဂုတ် (၃၁) ရက်တွင် မော်လမြိုင်ကမ်းနားလမ်းသို့ မေယုစစ်သဘေႅာ ဆိုက်ရောက်လာသည်။
ဗိုလ်ချုပ် ထွန်းလှအောင်တို့အဖွဲ့သည် မော်လမြိုင်မြို့သို့ ရောက်လျှင်ရောက်ခြင်း အခြေအနေအရပ်ရပ်ကို သိနိုင်ရန် တိုင်းမင်းကြီး ဦးခင်မောင်ရင်၊ ခရိုင်ဝန် ဦးဘစန်း၊ ခရိုင်ရဲဝန် ဦးလှမောင်တို့ကို ဗိုလ်တဲသို့ ဖိတ်ကြားခဲ့သည်။
ဗိုလ်တဲ၏လုံခြုံရေးကို ပြည်ထောင်စုစစ်ရဲ တပ်ရင်း (၅) တပ်စုတစ်စုက တာဝန်ယူရသည်။ ည (၈) နာရီခွဲအချိန်ခန့်တွင် ဗိုလ်တဲ၌ ဆွေးနွေးပွဲထိုင်နေကြသော အစိုးရအရာရှိများကို ပြည်ထောင်စုစစ်ရဲတပ်ရင်းမှ တပ်ခွဲမှူး စောဟင်ဒါဆင် ဦးဆောင်၍ အလစ်အငိုက်တွင် ရုတ်တရက် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
ထိုနောက် ပြည်ထောင်စုစစ်ရဲ တပ်ရင်း (၅) မှ တပ်စုမှူး စောကျားကြီးက မော်လမြိုင်ထောင်သို့ ရောက်လာသည်။ ခရိုင်ဝန် ဦးဘစန်းကို လွှတ်ဝရမ်းရေးခိုင်း၍ အဖမ်းခံထားရသော နိုင်ငွေသိမ်းနှင့် နိုင်ဘလွင်တို့ကို ထောင်မှ ခေါ်ထုတ်သွားခဲ့သည်။ မိမိတို့ စထားသောအလုပ်ကို အပြီးသတ်ပေးရန် စောကျားကြီးက နိုင်ငွေသိမ်းနှင့် နိုင်ဘလွင်တို့ကို တိုင်ပင်ပြောဆိုသည်။ ထိုနောက် တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ ခရိုင်ရဲဝန်တို့ကို ထောင်မှူးထံ သွားရောက်အပ်နှံလိုက်ပြီး ထိန်းသိမ်းထားခိုင်းသည်။
ထောင်ရှေ့ရှိ ပြည်ထောင်စုစစ်ရဲတပ်ရင်း (၅) ရုံးသို့ နိုင်ငွေသိမ်းနှင့် နိုင်ဘလွင်တို့ ရောက်လာကြပြီး ကရင်ခေါင်းဆောင် ဆရာကြီးအားတိုး၊ စောဟင်ဒါဆင်၊ စောကျားကြီးတို့နှင့် တိုင်ပင်၍ မော်လမြိုင်မြို့အပါအဝင် ကျိုက္ခမီခရိုင်တစ်ခုလုံးရှိ အစိုးရအုပ်ချုပ်ရေးဌာနများကို သိမ်းပိုက်ရန် စီစဉ်ကြသည်။ မော်လမြိုင်မြို့နယ် မွန်-ကရင် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး ပူးတွဲကော်မတီများ ဖွဲ့စည်းလိုက်သည်။ အုပ်ချုပ်ရေးအာဏာအရပ်ရပ်အား မွန်-ကရင်ပူးတွဲအုပ်ချုပ်ရေးကော်မတီသို့ အရေးပေါ်အခြေအနေအရ လွှဲအပ်ပေးလိုက်ကြောင်း တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ ရဲဝန်တို့ကို လက်မှတ်ရေးထိုးစေခဲ့သည်။
သို့ရာတွင် ဗိုလ်တဲဆွေးနွေးပွဲ၌ အစိုးရအရာရှိများကို ဖမ်းဆီးနေချိန်အတွင်း ရဲမင်းကြီး ဗိုလ်ချုပ်ထွန်းလှအောင်မှာ မည်သူမှမသိလိုက်ရဘဲ ဂျစ်ကားတစ်စီးဖြင့် အမှောင်ထဲမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ မေယုစစ်ဘေႅာ ရန်ကုန်သို့ ပြန်မည့်အချိန်ကို သူသိရှိထားသဖြင့် ကျိုက်ခမီပင်လယ်ဝမှတားဆီး၍ လိုက်ပါသွားတော့သည်။
မော်လမြိုင်မြို့ပေါ်ရှိ အစိုးရအုပ်ချုပ်ရေးဌာနများကို မွန်နှင့်ကရင်ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည်ကို မသိလိုက်ရသေးသော ရန်ကုန်မြို့ရှိ ဖဆပလအစိုးရသည် စက်တင်ဘာလ (၁) ရက်နေ့တွင် စောဘိုးစံ ဦးစီးသော ကရင်လဲဗီးတပ်ဖွဲ့များကို ရန်ကုန်မှ မော်လမြိုင်မြို့သို့ ဒါကိုတာလေယာဉ်ဖြင့် (၃) သုတ်ပို့ခဲ့သည်၊ လေယာဥ်ပေါ်မှဆင်းလာသော လဲဗီးတပ်ဖွဲ့ဝင်များကို ပူးပေါင်းတပ်ဖွဲ့က လက်နက်များသိမ်းယူလိုက်ပြီး တပ်ဖွဲ့ဝင်အားလုံးကို သွားလိုရာသို့ သွားခွင့်ပြုလိုက်သည်။ ရန်ကုန်မြို့ရှိ ဖဆပလအစိုးရမှ ဤအခြေအနေကိုရိပ်မိသဖြင့် မော်လမြိုင်လေဆိပ်သို့ လေယာဥ်မဆင်းလာတော့ပေ။
ကရင်လဲဗီးတပ်ဖွဲ့နှင့် ရဲများထံမှ သိမ်းယူရရှိထားသော လက်နက်များကို ဖားအောက်မှ မွန်လူငယ်များကိုခေါပြီး တပ်ဆင်ပေးလိုက်သည်။ မော်လမြိုင်မြို့ပေါ်ရှိ ရဲစခန်းများ၌ တာဝန်ချထားပေးသည့် မွန်လူငယ်အများစုမှာ လက်နက်ကိုအသုံးမပြုတတ်သေးသဖြင့် ပြည်ထောင်စုစစ်ရဲမှ ကရင်ရဲဘော်များက သင်ကြားပေးရသည်။
မော်လမြိုင်မြို့ကို မွန်-ကရင်ပူးတွဲ၍ သိမ်းယူထားသည့်သတင်း ကြားသိရသဖြင့် မွန်လူမျိုးရေးရာအဖွဲ့ချုပ် ဥက္ကဌ နိုင်လှမောင်၊ ဗိုလ်သိန်းနှင့် နိုင်ပန်းသာတို့သည် ထုံးအိုင်မှ မော်လမြိုင်သို့ ရောက်လာသည်။ မွန်တပ်ဖွဲ့ဝင်များကို ပြည်လည်စုစည်း၍ ဘိုကုန်းရပ်၊ အထက်လမ်းမကြီး၊ ရွှေတညင်တွင် MNDO တပ်ရင်းရုံးဖွင့်ပြီး နိုင်ဘညွန့်၊ နိုင်ပန်းသာတို့က အုပ်ချုပ်ကွပ်ကဲရေး တာဝန်ယူကြသည်။
စက်တင်ဘာ (၂) ရက်နေ့တွင် ရန်ကုန်မှ ရဲမင်းကြီး ဗိုလ်ချုပ် ထွန်းလှအောင် သည် မေယုစစ်သင်္ဘောဖြင့် တဖန်လိုက်ပါလာပြီး မော်လမြိုင်ကမ်းနားလမ်းရှိ သံလွင်မြစ်အတွင်း ကျောက်ချရပ်နားထားသည်။ ဗိုလ်ချုပ် ထွန်းလှအောင်၏ ဖိတ်ခေါ်ချက်အရ ဥက္ကဌ နိုင်လှမောင်၊ နိုင်ငွေသိမ်းနှင့် နိုင်ဘလွင်တို့ (၃) ဦးသည် မေယုစစ်သင်္ဘောပေါ်သို့ သွားရောက်၍ တွေ့ဆုံဆွေးနွေးကြသည်။
နောက်ဆုံး၌ မွန်ပြည်နယ်ကို အမြန်ဆုံးဖေါ်ထုတ်ပေးလျှင် ပြဿနာအားလုံး ပြေလည်သွားမည်ဟု မွန်ခေါင်းဆောင်များ တင်ပြခဲ့သည်ကို ဗိုလ်ချုပ်ထွန်းလှအောင်က သူရန်ကုန်သို့ရောက်လျှင် တင်ပြပေးသွားမည်ဟု ကတိပေးခဲ့သည်။
မော်လမြိုင်မြို့နယ်အပါအဝင် ကျိုက္ခမီခရိုင်၏ အုပ်ချုပ်ရေးဌာနများကို မွန်-ကရင်ပူးပေါင်းတပ်ဖွဲ့များ သိမ်းယူပြီးနောက် ပူးတွဲစစ်ရေးကော်မတီက တာဝန်ယူသော်လည်း စစ်ရေးကျွမ်းကျင်သော ကရင်စစ်ရဲနှင့် ကရင်တပ်ဖွဲ့များကသာ ကာကွယ်ရေးတာဝန်ကို ပို၍ယူရသည်၊ အုပ်ချုပ်ရေးအပိုင်းတွင် မွန်ရွာ မွန်အုပ်ချုပ်၊ ကရင်ရွာ ကရင်အုပ်ချုပ်သော ပုံစံဖြစ်သည်။ မြို့နယ်ရုံးများကို ပူးတွဲအုပ်ချုပ်သည်။ မွန်လူမျိုးတို့အများစုနေထိုင်ကြသော မုဒုံ၊ ကျိုက္ခမီ၊ ရေးမြို့နယ်တို့ကို မွန်တို့အုပ်ချုပ်ပြီး၊ ကော့ကရိတ်မြောက်ပိုင်း နှင့် ကြာအင်းမြို့နယ်များကို ကရင်က အုပ်ချုပ်သည်။ မြို့သိမ်းမည့် အစီအစဥ်မရှိဘဲ ရုတ်တရက် မထင်မှတ်ထားသော အကြောင်းအရာများ ဖြစ်ပေါ်လာသောကြောင့် မော်လမြိုင်မြို့ကို သိမ်းလိုက်ရသဖြင့် အုပ်ချုပ်မှုရေးရာကိစ္စရပ်များတွင် စနစ်တကျမရှိခဲ့ပေ။
ထောင်သွင်းအကျဥ်းကျခံနေရသော နိုင်ငံရေးသမားများအား လွှတ်ပေးရန် မွန်၊ ကရင် ပူးတွဲအုပ်ချုပ်ရေးကော်မတီ အောက်တွင် ဆပ်ကော်မတီတရပ် ဖွဲ့စည်းထားရှိခဲ့သည်။ ထိုဆပ်ကော်မတီ၏အဖွဲ့ဝင် နိုင်ငွေသိမ်းထံသို့ ဖဆပလအစိုးရက ဖမ်းဆီးထားသော ဗိုလ်ရဲနိုင်နှင့် ရဲဘော်များအား ထောင်မှလွှတ်ပေးရန် ပြည်သူ့ရဲဘော် ကိုယ်စားလှယ်များက လာရောက်တောင်းဆိုသည်။ ၄င်းတို့အား လွှတ်ပေးနိုင်ရန် ပူးတွဲဆပ်ကော်မတီတွင် အပြန်အလှန်ဆွေးနွေးကြသော်လည်း ပြည်သူ့ရဲဘော်များက မွန်၊ ကရင်တပ်ဖွဲ့တို့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့ခြင်း၊ မွန်လူထုအား လူမျိုးရေးစိတ်ဓါတ်အရ အနိုင်ကျင့်မှု၊ တိတ်တဆိတ်သတ်ဖြတ်ခဲ့မှုများကြောင့် ထောင်မှ လွှတ်ပေးခြင်းမပြုရန် ဆုံးဖြတ်ကြသည်။
ဖဆပလအစိုးရဖမ်းဆီး၍ ထောင်ချထားသည့် ကွန်မြူနစ်ပါတီမှ ရဲနီကျော်စောကိုလွှတ်ပေးရန် အရေးဆိုမည့်သူမရှိ၊ ကွန်မြူနစ်ကိုလွှတ်ပေးရန် ကရင်များကလည်း သဘောတူမည်မဟုတ်သဖြင့် ရဲနီအား ကော်မတီက ပြစ်ဒဏ်မှ လွှတ်မပေးခဲ့သည့်အပေါ် ပြဿနာတစုံတရာမရှိခဲ့ပေ။
သို့ရာတွင် ကျိုက္ခမီခရိုင်အတွင်းရှိ ကျိုက်မရောမြို့နယ်အုပ်ချုပ်ရေးဌာနကို မွန်၊ ကရင်ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပါ၊ ကျိုက်မရောမြို့ပိုင် ဦးသွင်က မုဒုံမြို့မှပြည်သူ့ရဲဘော်များ၊ ကျောင်းသားများ၊ ဆိုရှယ်လစ်ပါတီဝင်များနှင့် ချောင်းဆုံမှ ဆိုရှယ်လစ်ပါတီတို့ လှို့ဝှက်ချိတ်ဆက်ခဲ့ကြပြီး မွန်၊ ကရင်များကို တိုက်ခိုက်ရန် အင်အားစုစည်းလာခဲ့သည်။
ချောင်းဆုံမြို့နယ် ဗတလစမှ သခင်အောင်ဒွေးခေါင်းဆောင်သော ဆိုရှယ်လစ်အုပ်စုသည် ဘီလူးကျွန်းမှ ကျိုက်မရောဘက်သို့ကူးလာနေသည်ကို ဖားအောက်အနောက်ဘက် ပင်လယ်ကမ်းခြေတွင် MNDO မွန်တပ်ဖွဲ့များက စက်တင်ဘာလ (၆) ရက်နေ့တွင် ဖမ်းမိသဖြင့် မော်လမြိုင်ထောင်သို့ ပို့ဆောင်ပြီး ချုပ်နှောင်ထားလိုက်သည်။
ချောင်းဆုံအမတ် ဗိုလ်ကျော်သန်းနှင့် ပြည်သူ့ရဲဘော်မှ ရဲဘော်မြမောင်တို့ ဦးဆောင်၍ မုဒုံရှိ ပြည်သူ့ရဲဘော်၊ ကျောင်းသားရဲခေါင်အဖွဲ့တို့ အင်အားစုဆောင်းပြီး မေယုစစ်ဘေႅာမှ လက်နက်ခဲယမ်းမီးကျောက်များကို ရယူကာ မုဒုံမြို့ကို စက်တင်ဘာလ (၈) ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်သည်။ မွန်၊ ကရင်တပ်များက ချက်ချင်းဆိုသလို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် နောက်တစ်နေ့တွင် မုဒုံကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ စတင်းဂန်း၊ ရိုင်ဖယ်သေနတ် အလက် (၂၀) ကျော် သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲခေါင်းဆောင်သူ ဗိုလ်ကျော်သန်းနှင့် ရဲဘော်မြမောင်တို့ကိုလည်း ဖမ်းဆီးမိသဖြင့် မော်လမြိုင်ထောင်သို့ ပို့ဆောင်၍ ချုပ်နှောင်ထားလိုက်သည်။ နောက်ပိုင်းတွင် ကြီးမားသောတိုက်ပွဲများ မရှိတော့ပေ၊ သို့ရာတွင် ပြည်သူ့ရဲဘော်များသည် မွန်၊ ကရင် ကင်းကတုတ်များနှင့် မွန်ခေါင်းဆောင်များ၏နေအိမ်ကို သေနတ်ဖြင့် တိတ်တဆိတ် ချောင်းမြောင်းပစ်ခတ်မှုများ ရှိနေခဲ့သည်။
စစ်ရဲမင်းကြီး ဗိုလ်မှုးကြီးစောထွန်းစိန်သည် မော်လမြိုင်မြို့သို့ ရေယာဉ်ပျံဖြင့်ရောက်ရှိပြီး ကမ်းပေါ်သို့တက်ခွင့် တောင်းသဖြင့် တက်ခွင့်ပေးလိုက်သည်။ စစ်ရဲမင်းကြီးသည် သူ၏စစ်ရဲတပ်မှူးများနှင့်တွေ့ဆုံ၍ ဆွေးနွေးရန် ဖြစ်သည်။ စောထွန်းစိန်က ကျိုက်မရောရှိ ဦးသွင်ကို မတိုက်ရန်၊ တိုင်းရင်းသားချင်းတိုက်လျှင် သူသေငါသေဖြစ်ရုံသာရှိပြီး ဘာမျှအကျိုးမရှိ၊ ထို့ကြောင့် ဦးသွင်နှင့်ပြေလည်မှုရအောင် ကျိုက်မရောမြို့သို့ သွားရောက်ဆွေးနွေးခွင့် တောင်းခံသည်။
ထိုတောင်းဆိုချက်ကို မွန်၊ ကရင် ပူးတွဲကော်မတီက စေတနာသန့်စင်စွာဖြင့် ခွင့်ပြုပေးသည့်အပြင် ဗိုလ်မှုးကြီးစောထွန်းစိန်ကို ကျိုက်မရောမြို့အရောက် မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။ သို့ရာတွင် စောထွန်းစိန်သည် ဦးသွင်အား ပြေလည်အောင် ဆွေးနွေးခြင်းမပြုဘဲ ရိုင်ဖယ်သေနတ်ကျည်ဆံ (၃) သေတ္တာကို တိတ်တဆိတ် ပေးပို့ခဲ့လေသည်။ စောထွန်းစိန်ထံမှ ရရှိထားသော ကျည်ဆံများကြောင့် ဦးသွင်၏သဘောထားမှာ ပို၍တင်းမာလာသည်။
ငြိမ်းချမ်းရေး၊ စေ့စပ်ဆွေးနွေးရေးပြုလုပ်ရန် ဖဆပလအစိုးရ အစီအစဥ်ဖြင့် မွန်၊ ကရင်တို့ သိမ်းပိုက်ထားသော မော်လမြိုင်သို့ ဩဂုတ်လ (၈) ရက်နေ့တွင် KNU ဥက္ကဌ စောဘဦးကြီးနှင့် စောဝီလီကျော်တို့သည် ရောက်လာသည်။ မော်လမြိုင်ရှိ မွန်၊ ကရင်ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ အခြေအနေအရပ်ရပ်အပေါ် မူတည်ပြီး မွန်နှင့်ကရင်များ လုပ်နည်းလုပ်ဟန်များကို ဆွေးနွေးကြသည်။
စောဘဦးကြီး အဓိကဆွေးနွေးချက်မှာ ဖဆပလအား လက်နက်အင်အားပြပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ် ပေးရန် အကြပ်ကိုင်တောင်းခံရမည်။ ဤသို့လုပ်ဆောင်လျှင် အောင်မြင်လိမ့်မည်ဟု ယုံကြည်ပါသည်။
သို့ရာတွင် အစိုးရဌာနများ သိမ်းပိုက်ခြင်း၊ မြို့များသိမ်းပြီး စင်ပြိုင်အစိုးရတည်ထောင်ခြင်းသည် ယခုအခါ မလိုအပ်သေးဟု ယူဆသည်။ ထို့ကြောင့် အကြောင်းအမျိုးမျိုးကြောင့် မွန်နှင့်ကရင်သိမ်းယူထားသော နယ်မြေများကို ဖဆပလအစိုးရထံ ပြန်အပ်ပေးရမည်။
သို့သော် လက်နက်အင်အားပြု၍ ဖဆပလအား ဆက်ပြီးအကြပ်ကိုင်နိုင်ရန် လက်နက်ခဲယမ်းမီးကျောက်များကို ပြန်လည်ပေးအပ်ရန် မသင့်လျော်ဟု ယူဆသဖြင့် သိမ်းပိုက်ရရှိထားပြီးသော လက်နက်ခဲယမ်းမီးကျောက်များကို လက်ဝယ်ထားရှိသွားမည် ဖြစ်သည်။
စောဘဦးကြီး၏ ပြောဆိုတိုက်တွန်းချက်များနှင့်ပတ်သက်၍ အချိန်ယူဆွေးနွေးကြပြီး နောက်ဆုံးတွင် သဘောတူညီကြသည်။ ယင်းသို့ သဘောတူညီမှုအရ မော်လမြိုင်အစိုးရငွေတိုက်ရှိ ငွေပေါင်း သိန်း(၃၀) နီးပါးကို စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးအတွက် လိုအပ်သည့်ငွေပေါင်း (၅) သိန်းသာ ထုတ်ယူသုံးစွဲခဲ့ပြီး ကျန်ရှိနေသည့် (၂၅) သိန်းနီးပါးကို မထုတ်ယူတော့ဘဲ ဖဆပလအစိုးရအာဏာပိုင်ထံ အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းပေးသည့်အချိန်တွင် ပြန်လည်လွှဲပြောင်းပေးရန်ဖြစ်သည်။
စောဘဦးကြီး ပြန်သွားပြီးနောက် ဆပလအမတ်များဖြစ်ကြသော သခင်အောင်တင်၊ သခင်စံဝေတို့ မော်လမြိုင်သို့ ရောက်လာကြသည်။ ၄င်းဖဆပလအမတ်များသည် မွန်ခေါင်းဆောင်များနှင့် နိုင်ငံရေးအရ ရင်းနှီးနေသူများဖြစ်ကြသဖြင့် ပကတိဖြစ်ပေါ်လျှက်ရှိသော အခြေအနေအရပ်ရပ်အပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောဆိုကြသည်။ နိုင်ငံတော်ဝန်ကြီးချုပ်က မွန်ခေါင်းဆောင်များကို ဖဆပလအဖွဲ့တွင် ဝင်ရောက်၍ ပူးတွဲလုပ်ကိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်းသည်။
သို့သော် မွန်နှင့်ကရင်အင်အားစုကို ခွဲပစ်ရန်ဖြစ်သည်ဟု မွန်ခေါင်းဆောင်များက ယူဆပြောဆိုကြသည်။
စောဘဦးကြီး၏ စေ့စပ်ဆွေးနွေးမှုအရ ဖဆပလအစိုးရလက်အောက်ခံ အမှတ်(၂) ကချင်သေနတ်ကိုင်တပ်ရင်းကို မော်လမြိုင်သို့ ရေလမ်းမှ ပို့ဆောင်လာခဲ့သည်။ နှစ်ဦးနှစ်ဖက်သဘောတူညီချက်အရ သေနတ်တချက်မျှ မဖောက်ရဘဲ ကချင်တပ်ရင်း (၂) သည် မော်လမြိုင်မြို့ပေါ် ရောက်ရှိလာသည်။ ကချင်တပ်ရင်းမှူး ဒု-ဗိုလ်မှုးကြီး နော်လာက ဦးစီးအုပ်ချုပ်သည်။ တပ်ရင်းမှူးနော်လာနှင့် မော်လမြိုင်ပေါ်ရှိ မွန်၊ ကရင်ခေါင်းဆောင်များနှင့် လုံခြုံရေး၊ အုပ်ချုပ်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။
ဒေသလုံခြုံရေးအတွက် ကျိုက္ခမီခရိုင်တွင် စစ်ဝန်ထမ်းတပ်ရင်းတရင်းဖွဲ့စည်းသွားမည်။ ၄င်းတပ်ရင်းတွင် ကရင်အမျိုးသား တပ်ခွဲတခွဲ၊ မွန်အမျိုးသား တပ်ခွဲတခွဲ၊ လူမျိုးစုံ တပ်ခွဲတခွဲ အသီးသီးဖွဲ့စည်းကြမည်။ လက်ရှိတွင် မော်လမြိုင်မြို့ပေါ်တွင် (၁) အစိုးရဇုံ၊ (၂) မွန်ဇုံ (၃) ကရင်ဇုံ ဟူ၍ ခွဲခြားသတ်မှတ်သွားရန် သဘောတူကြသည်။
အစိုးရတပ်ဖွဲ့အနေဖြင့် အစိုးရအဆောက်အဦးများ၊ မောင်ငံ၊ မုပွန်ဒေသနှင့် အဓိကဆက်သွယ်ရေးလမ်းကြောင်းများဖြစ်သော ဘူတာရုံ၊ သင်္ဘောဆိပ်များကို တာဝန်ယူရသည်။ မွန်တပ်ဖွဲ့က ရွှေတောင်ရပ်မှ မောင်ငံနယ်စပ်အထိ တာဝန်ယူပြီး ကရင်စစ်ရဲတပ်ရင်းသည် ဒိုင်းဝန်ကွင်းကို တာဝန်ယူကြသည်။
ထိုသို့ စစ်ဇုံများခွဲ၍ အုပ်ချုပ်နေချိန်တွင် ပြည်သူ့ရဲဘော်နှင့် ဖဆပလဆိုရှယ်လစ်တပ်ဖွဲ့တို့သည် မွန်နှင့် ကရင်ဇုံများသို့ ညအခါဝင်လာပြီး ပြောက်ကျားပစ်ခတ်သည်။ အထူးသဖြင့် ပြည်သူ့ရဲဘော်များကြီးစိုးရာ ဒိုင်းဝန်းကွင်းတွင် ကရင်များကို၄င်း၊ မွန်များကို၄င်း အလစ်ဝင်တိုက်ခြင်း၊ နယ်မှမြို့ပေါ်သို့ ကိုယ်ရေးကိုယ်တာကိစ္စများဖြင့် တက်လာသော မွန်နှင့်ကရင်ရွာသားတို့ကို ဒိုင်းဝန်ကွင်း၌ တိတ်တဆိတ်ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့ရှိ ပြည်သူ့ရဲဘော်ဌာနချုပ်နှင့် မွန်လူမျိုးရေးရာအဖွဲ့ချုပ်(မလရ) တို့၏ ခေါင်းဆောင်များ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုအရ ပြည်သူ့ရဲဘော်နှင့် မွန်တပ်ဖွဲ့တို့ လက်နက်ကိုင်ပဋိပက္ခကို ရပ်စဲရန် သဘောတူညီထားကြသည်။
သို့ရာတွင် မော်လမြိုင် ဒိုင်းဝန်းကွင်းရပ်ကွက် ဆီဆုံရှိ ပြည်သူ့ရဲဘော်တပ်ဖွဲ့ရုံးသို့ မလရအတွင်းရေးမှူး နိုင်ငွေသိမ်း သွားရောက်ပြီး ဗိုလ်ရဲနိုင်နှင့် နာရီအတော်ကြာဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ လက်နက်ကိုင်ပဋိပက္ခများက ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ ပြည်သူ့ရဲဘော်တပ်ဖွဲ့သည် မော်လမြိုင်မြို့ပေါ်တွင်သာမက ဂျိုင်းမြစ်ကမ်းနံဘေးရှိ မွန်ရွာများအား ဝင်ရောက်တိုက်ခိုက်ပြီး ကော့ဘိန်း၊ ကော့သတ်စသော မွန်ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ ပြည်သူ့ရဲဘော်တို့၏ အပြုအမူမှာ တခါတလေ လူမျိုးရေးအသွင်ကို ဆောင်နေသည်။
အမှတ်(၂) ကချင်သေနတ်ကိုင်တပ်ရင်း ရောက်လာပြီးနောက်ပိုင်း ပျက်ပြားယိုယွင်းသွားခဲ့သော အစိုးရအုပ်ချုပ်ရေးဌာနများကို ပြန်လည်တည်ဆောက်ရန် အထူးစစ်တိုင်းမင်းကြီးအဖြစ် ကရင်အမျိုးသား ဦးဖေ ကို ဖဆပလအစိုးရ ခန့်အပ်၍ မော်လမြိုင်သို့ စေလွှတ်လာသည်။
ငြိမ်ဝပ်ပိပြားရေးအတွက် ဦးဖေသည် မွန်၊ ကရင်ခေါင်းဆောင်များနှင့်၄င်း၊ ကချင်တပ်ရင်း (၂) မှ အရာရှိများနှင့်၄င်း၊ ပြည်သူ့ရဲဘော်၊ ဖဆပလဆိုရှယ်လစ်များနှင့်၄င်း၊ တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ မွန်၊ ကရင်ခေါင်းဆောင်များနှင့်ပူးတွဲ၍ ကော့ကရိတ်၊ ကြာအင်းမြို့နယ်များရှိ မွန်ကျေးရွာ၊ ကရင်ကျေးရွာများသို့လှည့်လည်ပြီး ငြိမ်းချမ်းရေးတရားများ ဟောပြောကြသည်။ သို့သော် ငြိမ်ဝပ်ပိပြားရေးမှာ ထင်သလောက် ခရီးမရောက်ခဲ့ပေ။
ကျိုက္ခမီခရိုင်တွင် စစ်ဝန်ထမ်းတပ်ဖွဲ့ ဖွဲ့စည်းသောအခါ အစိုးရကိုယ်စားလှယ် ကချင်တပ်ရင်း (၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နော်လာနှင့် မူလသဘောတူညီချက်ဖြစ်သော မွန်တပ်ခွဲတစ်ခွဲ၊ ကရင်တပ်ခွဲတစ်ခွဲ၊ လူမျိုးစုံတပ်ခွဲဖွဲ့စည်းသွားရန် ဆိုသည့်အချက်ကို အစိုးရဘက်မှ စတင်ဖောက်ဖျက်လာခဲ့သည်။
မွန်၊ ကရင်များ မပါဝင်သော စစ်ဝန်ထမ်းတပ်ကို ကျိုက္ခမီမြို့တွင် အခြေခံ၍ ဖွဲ့စည်းလိုက်သည်။ ၄င်းတပ်ဖွဲ့တွင် ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်ပါတီမှ အဖွဲ့ဝင်များကိုသာ သင်တန်းပေး၍ လက်နက်တပ်ဆင်ပေးခဲ့သည်။ ၄င်းကိစ္စအပေါ် အထူးစစ်တိုင်းမင်းကြီး ဦးဖေနှင့် တပ်ရင်းမှူးနော်လာတို့ကို မွန်၊ ကရင် ခေါင်းဆောင်များက ကန့်ကွက်ခဲ့သည်။
သဘောတူညီချက်ကိုဖောက်ဖျက်ခဲ့သူ တပ်ရင်းမှူး နော်လာအား ဖဆပလက ရာထူးမှဖြုတ်ချလိုက်ပြီး ဒုတပ်ရင်းမှူး ဗိုလ်မှူးထိန်နန်းအား တပ်ရင်းမှုးအဖြစ် ပြန်ခန့်ပေးထားသည်။ ဗိုလ်မှူးထိန်နန်းမှာ ဖဆပလနှင့် ဆိုရှယ်လစ်အဖွဲ့တို့၏ စိတ်ကြိုက် ကြိုးကိုင်ထားနိုင်သူဖြစ်သည်။
မွန်၊ ကရင်ခေါင်းဆောင်တို့သည် အစိုးရအပေါ်တွင် သံသယဝင်လာကြသည်။ မော်လမြိုင်မြို့ပေါ် တက်ရောက်တာဝန်ယူနေကြသော ကရင်လက်နက်ကိုင်များသည် ၄င်းတို့၏အရပ်ဒေသဖြစ်သော ကြာအင်း၊ ကော့ကရိတ်၊ ကျုံဒိုးဘက်သို့ တဖြည်းဖြည်းဆုတ်ခွာသွားသည်။ မိမိတို့ခေါင်းဆောင်များ၏ လုံခြုံရေးအတွက် အနည်းအကျဉ်းသာ ချန်ထားခဲ့လေသည်။
မွန်လက်နက်ကိုင်များလည်း ဖားအောက်၊ ကလော့သော့၊ ထုံးအိုင်၊ ကော့နှပ်စသော ကျေးရွာများသို့ မသိမသာ ဆုတ်ခွာသွားကြပြီး ၄င်းဒေသများကို အခိုင်အမာဖြစ်ရန် ပြုလုပ်ထားကြသည်။ မော်လမြိုင်မြို့ပေါ်ရှိ မွန်လူကြီးများ၏ လုံခြုံရေးကို မွန်လက်နက်ကိုင်အချို့နှင့်အတူ ကရင်တပ်များနှင့် ပူးတွဲတာဝန်ယူကြသည်။ မြို့ပေါ်တွင်သာ အစိုးရအုပ်ချုပ်ပြီး နယ်များတွင် မွန်နှင့်ကရင်များက အုပ်ချုပ်ထားဆဲ ဖြစ်သည်။
မော်လမြိုင်မြို့ကို ဖဆပလအစိုးရက တဖြည်းဖြည်း ပြန်လည်ထိန်းချုပ်နိုင်သောအခါ နိုဝင်ဘာလ ၁၃ ရက် နေ့စွဲဖြင့် MNDO မှ လက်နက်များကို ၄၈ နာရီအတွင်း လာရောက်အပ်နှံကြရန် ကချင်(၂) တပ်ရင်းမှူးက အမိန့် စာဖြင့် ဆင့်ခေါ်လာတော့သည်။
ထိုကြောင့် မွန်လူမျိုးရေးရာအဖွဲ့ချုပ်ရုံး၌ နိုင်ဘလွင်၊ မွန်စံသူနှင့် နိုင်ထွန်းတင်တို့ ခေါင်းဆောင်(၃) ဦးကိုသာ ချန်လှပ်ထား၍ MNDO အဖွဲ့ဝင် လူငယ်များအားလုံး လွတ်မြောက်နယ်မြေများသို့ အမြန်ထွက်ခွာသွားရလေသည်။
၁၉၄၈ နှစ်ကုန်ပိုင်းတွင် MNDO ဒုတိယတာဝန်ခံ နိုင်စံသူ တစ်ယောက် မော်လမြိုင်မြို့ပေါ်မှာ နေ့ခင်းကြောင်တောင်သွားလာရင်း သေနတ်ဖြင့် အချက်ပေါင်းများစွာ လုပ်ကြံပစ်သတ်ခံရသည်။ သာယာကုန်းရပ်ကွက် စာတိုက်ကြေးနန်းရုံးအနီး အောက်လမ်းမကြီးပေါ်တွင် နိုင်စံသူသည် မြင်းလှည်းစီးသွားနေစဥ် ဆိုရှယ်လစ်ပြောက်ကျားအဖွဲ့ဝင်များက စတင်းဂန်း စက်သေနတ်ဖြင့် ဗြောင်ကျကျ လုပ်ကြံပစ်သတ်ခဲ့သည်။ ကြွင်းကျန်သော မွန်စံသူ၏ ရုပ်အလောင်းအား မွန်လူမျိုးရေးရာအဖွဲ့ချုပ်မှ ဖားအောက်ရွာ အဝင်သင်းချိုင်း၌ နောက်လာနောက်သားများ အမှတ်ရစေရန် ကြီးမားထင် ရှားသည့် အုတ်ဂူပြုလုပ်၍ သင်္ဂြိုလ်မြှုပ်နှံပြသထားခဲ့သည်။
ထို့အတူ တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ၌ တသီးပုဂ္ဂလမွန်အမတ် လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူ မွန်ငွေခိုင်(ငွေဂိုင်) ကိုလည်း မုဒုံမြို့ မီးရထားဘူတာရုံ၌ နောက်မကြာခင်ရက်ပိုင်းအတွင်းမှာပင် ဆိုရှယ်လစ် ပြောက်ကျားအဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်လုပ်ကြံခဲ့ပြန်သည်။
မြို့ပေါ်မှထွက်ခွာလာ၍ ကျေးရွာများတွင် နိုင်ငွေသိမ်း၊ နိုင်ထွန်းသိန်း၊ နိုင်သိမ်းမောင် တို့ ခေါင်းဆောင်သော မွန်လူမျိုးရေးရာအဖွဲ့ချုပ် (မလရ) ထိန်းချုပ်ထား နိုင်သေးသည်။ ကော့ဘိန်း၊ တရနာဒေသမှစ၍ ကော့ကရိတ်၊ မြဝတီမြို့ ထိုင်းနယ်စပ်အထိ မွန်တပ်ဖွဲ့နှင့် ကရင်တပ်ဖွဲ့များက ပူးတွဲလှုပ်ရှား နေကြသည်။
ယင်းသို့ မော်လမြိုင်မြို့ကို ဖဆပလအစိုးရထံ ပြန်လည်အပ်နှံရသည့်အချိန်တွင် ကရင်တွင် နှစ်ဖွဲ့ကွဲ သကဲ့သို့ မွန်တို့မှာလည်း နှစ်ဖွဲ့ထပ်ကွဲသွားကြပြန်သည်။ မြို့ကို ပြန်အပ် မည့်အဖွဲ့နှင့် မအပ်သည့်အဖွဲ့ဆိုပြီး အမြင်နှစ်မျိုး ဖြစ်သွားခဲ့သည်။ မြို့ကိုအပ်သည့်အဖွဲ့က မြို့ပေါ်နေခွင့် ရရှိပြီး မြို့ကိုပြန်မအပ်လိုသူများမှာ တောခိုလိုက်ရသည်။
မွန်လူမျိုးရေးရာအဖွဲ့ချုပ် (မလရ) ပါတီတွင် မော်လမြိုင်မြို့ကို ပြန်မအပ်လိုသည့် အတွင်းရေးမှူး နိုင်ငွေသိမ်း၊ နိုင်ဘလွင်၊ နိုင်ထွန်းသိန်း၊ နိုင်သိမ်းမောင်တို့ အဖွဲ့နှင့် မြို့ကိုပြန်အပ်ပေးလိုက်သည့် ဥက္ကဌ နိုင်လှမောင်အဖွဲ့ဟူ၍ အမြင်နှစ်မျိုး အဖွဲ့နှစ်ဖွဲ့ကွဲခဲ့သော်လည်း ပဋိပက္ခများ မရှိခဲ့ကြပေ။
မွန်လူမျိုးရေးရာအဖွဲ့ချုပ် (မလရ)မှ သူတို့အချင်းချင်း အမြင်ကွဲသွားခဲ့သော နှစ်ဖွဲ့ကြားတွင် မည်သည့်ဘက်က မှန်သည်မှားသည်ဟု ဝေဖန်ပြောဆိုခြင်းမရှိဘဲ အမျိုးသားလွတ်မြောက်ရေး ကိစ္စရပ်တွင် မိမိတို့ အားသန်ကြသလို ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားကြရန် ခေါင်းဆောင်များ အချင်းချင်းအကြား သဘောထားပြည့်ဝစွာဖြင့် နားလည်လက်ခံထားကြသည် မဟုတ်ပါလား။
ကျေးဇူးတင်ပါသည်။