ဘီးလင်းမြို့နယ် ထွေ/အုပ်ရုံးမှာ ယနေ့ ဧပြီလ (၉) ရက် နံနက်ပိုင်းအချိန်က ဒရုန်းနှင့် ဗုံး ၃ လုံးချတိုက်ခိုက်ခံခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။
ယနေ့နံနက် (၉) နာရီ (၄၅) မိနစ်အချိန်ခန့်က အဆိုပါ ဘီးလင်းမြို့နယ်ထွေ/အုပ်ရုံးအတွင်းမှ ပေါက်ကွဲသံ (၃) ကြိမ်ကြားလိုက်ရကြောင်း ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။
“ရုံးပေါ်ကို ဗုံးကျလို့အဆောက်အဦးထိခိုက်ပျက်ဆီးမှုတွေရှိခဲ့တယ်။ လူထိခိုက်မှုတော့မရှိဘူး။ လောလောဆယ် အဲ့ဒီ ထွေ/အုပ်ရုံးရှိတဲ့လမ်းကို ပိတ်ထားတယ်” ဟု ၎င်းမြို့ခံက ဆက်ပြောသည်။
ထိုသို့ ဒရုန်း နှင့် ဗုံးချတိုက်ခိုက်ခံခဲ့ရသည့်အတွက်ကြောင့် မြို့နယ်ထွေ/အုပ်ရုံးအဆောင်အဦး မျက်နှာကျက်နှင့် သွပ်အမိုးများပျက်စီးခဲ့ကြောင်း စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်းကလည်း အဆိုပါ ဘီးလင်းမြို့နယ် ထွေ/အုပ်ရုံးမှာ ဒရုန်းနှင့် ဗုံးချတိုက်ခိုက်ခံခဲ့ရဖူးကြောင်း သိရသည်။