ထိုင်းနယ်စပ် မြဝတီနယ်စပ်မြို့ကို ကရင်အမျိုးသားအစည်းအရုံး KNU ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီမှ ထိုင်း – မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) အား ယမန်နေ့ နံနက်ပိုင်းက ပိတ်လိုက်သည့်အတွက် မြဝတီ – မဲဆောက် တရားဝင်ကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်နေခဲ့ရကြောင်း ကုန်သည်များထံမှ သိရသည်။
ယမန်နေ့ နံနက်အစောပိုင်းက မြဝတီမြို့စောင့်တပ်ဖြစ်သည့် ခလရ – ၂၇၅ တပ်ရင်းမှ စစ်သားများ တပ်စခန်းအား စွန့်ခွာကာ ထိုင်းနိုင်ငံဘက်သို့ ခိုလှုံရန် ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) ဘက်ကို့ ထွက်ပြေးလာကြစဉ် စစ်ကောင်စီမှ ထိုတံတားအား ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ခြင်းဖြစ်သည်။
“မြန်မာဘက်ခြမ်းက ကြိုတင်အသိမပေးပဲတံတားကို ချက်ချင်း ပိတ်လိုက်တော့ ထိုင်းဘက်ခြမ်းကကုန်သည်တွေ အခက်အခဲဖြစ်ကုန်တယ်” ဟု နယ်စပ်ကုန်သည်တစ်ဦးက ပြောကြားသည်။
သို့သော်လည်း ထိုအမှတ် (၂) တံတားမှ ဖြတ်သန်းခွင့်မရသောကြောင့် ကုန်ပစ္စည်းများကို လက်နက်ကိုင်အဖွဲ့အစည်းများထိန်းချုပ်ထားသည့် တရားမဝင် နယ်စပ်အပေါက်များမှ ပို့ဆောင်လျှက်ရှိကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့်နှစ်က မဲဆောက်မှတစ်ဆင့် မြန်မာဘက်သို့ ထိပ်တန်းပို့ကုန် ပစ္စည်းငါးမျိုးမှာ မိုဘိုင်းလ်ဖုန်းများနှင့် အစိတ်အပိုင်းများ၊ ဒီဇယ်လောင်စာများ၊ ပလတ်စတစ်အမှုန့်များ၊ စားအုန်းဆီနှင့် အရက်မဟုတ်သော အချိုရည်များ ဖြစ်ကြောင်း၊ မြန်မာမှ ထိုင်းဘက်သို့ ထိပ်တန်း သွင်းကုန် ငါးခုမှာ တိရစ္ဆာန်အစာအတွက် ပြောင်း၊ ဆန်မှုန့်၊ နွားအရှင်၊ အလူမီနီယမ်အညစ်အကြေးနှင့် ငရုတ်သီးစိမ်းတို့ ဖြစ်ကြောင်း သိရသည်။
အကယ်၍ မြဝတီအခြေအနေပိုဆိုးလာလျှင် ထိုင်းမှတင်ပိုမည့်ကုန်စည်များကို မယ်ဆိုင် – တာချီလိတ်နှင့် ရနောင်း – ကော့သောင်းတို့ကဲ့သို့တစ်ခြားဂိတ်များကိုပြောင်းလဲအသုံးပြုသွားမည်ဟု မဲဆောက်နယ်စပ် မြဝတီမြို့ထိုင်း – မြန်မာ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Krit Ungwitoonsatit က The Nation Thailand သတင်းဌာနသို့ပြောကြားသည်။
“မြန်မာ့စီးပွားရေးအတွက် အရေးကြီးတဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကနေ ရရှိတဲ့ အကျိုးအမြတ်ကို ကရင်တပ်ဖွဲ့ရော စစ်အစိုးရကပါ မဆုံးရှုံးချင်ပါဘူး” ဟု ၎င်းက ပြောကြားသည်။
ထိုင်းနိုင်ငံမှ မြဝတီသို့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအားလုံးကို လက်ရှိတွင် ဖွင့်လှစ်ထားနိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန Department of International Trade Promotion (DITP)မှ ညွှန်ကြားရေးမှူးချုပ် Phusit Ratanakul Sereroengrit က ဆိုသည်။
ဌာနသည် မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသ အခြေအနေကို စောင့်ကြည့်နေပြီး နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်မှုတွင် ပြောင်းလဲမှုတစ်စုံတစ်ရာရှိပါက ထိုင်းလုပ်ငန်းရှင်များထံ အကြောင်းကြားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
မဲဆောက်သည် ၂၀၂၃ ခုနှစ်တွင် ကုန်သွယ်မှုပမာဏ ဘတ် ၁၀၆.၈၃ ဘီလီယံဖြင့် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဂိတ် ဖြစ်ခဲ့သည်။