အမည်မသိလက်နက်ကိုင်အဖွဲ့မှ ယမန်နေ့တစ်နေ့အတွင်း လာရောက်ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုကြောင့် အမျိုးသား ၃ ဦးသေဆုံးခဲ့ကြောင်း၊ လုပ်ကြံရသည်အထိ ဖြစ်ပေါ်သည့်အကြောင်းအရင်းမသိရသဖြင့် ဒေသခံများအကြား စိုးရိမ်နေရကြောင်း သိရသည်။
မုဒုံမြို့နယ်၊ ကမာဝက်မြို့ စိန်တောင်ရပ်ကွက်သစ်တွင် ဧပြီလ ၇ ရက် ညအချိန်က အမည်မသိလက်နက်ကိုင်အဖွဲ့မှ လာရောက်လုပ်ကြံပစ်ခတ်မှုကြောင့် ဦးထိန်ဝင်း (ခ) ဦးမော့ (အသက် ၅၀ နှစ်ခန့်) နှင့် သားဖြစ်သူ မောင်သိန်းဥာဏ် (၁၈ နှစ်) တို့သည် နေအိမ်အောက်ထပ် အခင်းဖြစ်ပွားသည့်နေရာ၌ သေနတ်ထိမှန် သေဆုံးခဲ့ပြီး ကျန်သားဖြစ်သူတစ်ဦးမှ အသက်ဘေးမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
ဦးထိန်ဝင်းမှာ လောင်းကစားဒိုင်ချုပ်တစ်ဦး ဖြစ်သည်ဟု စုံစမ်းသိရသည်။
အလားတူ ဧပြီလ ၇ ရက် မွန်းလွဲပိုင်းကလည်း ရေးမြို့နယ် ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအနိုင်အား ကျိုက်မင်းဝဲ့ဘုရားလမ်းတွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် လုပ်ကြံပစ်သတ်ခဲ့ပြီး ၄င်းနှင့်အတူ ပါလာသည့် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
ထို့ပြင် လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းကလည်း ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းဝင်းကို သေနတ်သမားများက သေနတ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့သည်။