ထိုင်း – မြန်မာ အဓိက ကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့ပေါ်တွင် တိုက်ပွဲမဖော်ရန်၊ လက်နက်ကြီးနှင့် လေကြောင်းမှ ပစ်ခတ်ခတ်မပြုလုပ်ရန်၊ စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးရန် စစ်ဘေးရှောင်ဒေသခံများနှင့် မြဝတီမြို့ခံပြည်သူများက စုပေါင်းမေတ္တာရပ်ခံတောင်းဆိုထားသော်လည်း မြဝတီမြို့ နှင့် အနီးဝန်းကျင်ဒေသများ၌ ယမန်နေ့ ညပိုင်းအချိန်ထိ တိုက်ပွဲများပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
အဆိုပါ မြဝတီမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံပြည်သူအများအပြားမှာ မြဝတီမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်နေထိုင်နေကြရပြီး မြဝတီမြို့အား စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးရန် စစ်ဘေးရှောင်ပြည်သူများ နှင့် မြဝတီမြို့ခံများ အင်အား (၅၀၀) ကျော်မှာ ယမန်နေ့ ဧပြီလ (၉) ရက် ညနေ (၄) နာရီခွဲအချိန်ခန့်က မြဝတီမြို့၊ အမှတ် (၁) ရက်ကွက်ရှိ ဘောလုံးကွင်းအတွင်း မေတ္တာရပ်ခံတောင်းဆိုခဲ့ကြကြောင်း သိရသည်။
“တိုက်ပွဲတွေဖြစ်တော့ ဒေသခံတွေက မြဝတီမြို့ပေါ်ကို စစ်ဘေးလာရှောင်နေကြတယ်။ အခု မြဝတီမြို့မှာပါ တိုက်ပွဲတွေဆက်ဖြစ်နေရင် စစ်ဘေးရှောင်တွေရော၊ မြို့ခံတွေပါ ပြေးစရာနေရာမရှိတော့ဘူး။ အဲ့ဒီတော့ မြဝတီမြို့ပေါ်မှာတော့ တိုက်ပွဲတွေမဖေါ်ကြဖို့၊ မြို့ကို လက်နက်ကြီးတွေနဲ့ရော လေကြောင်းကပါ ပစ်ခတ်တာတွေမလုပ်ကြဖို့တောင်းဆိုနေရတာဖြစ်ပါတယ်” ဟု မြဝတီမြို့ခံတစ်ဦးက ပြောကြားသည်။
မြဝတီမြို့၏ မြောက်ဘက်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်း နှင့် စစ်ကောင်စီတပ်စခန်းများအား ပြီးခဲ့သည့် မတ်လ (၇) ရက်နေ့မှစတင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီးနောက် ဒေသခံပြည်သူ (၃၀၀၀) ကျော်မှာ မြဝတီမြို့သို့ စစ်ဘေးတိမ်းရှောင်ကာ လာရောက်ခိုလှုံနေရကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောကြားသည်။
ကော့ကရိတ်မြို့မှ မြဝတီမြို့သို့စစ်ဘေးရှောင်လာသူအမျိုးသမီးတစ်ဦးကလည်း “ကျမတို့ ကော့ကရိတ်မြို့က ပြာကျသွားပြီ။ နေစရာအိမ်လည်း မရှိတော့ဘူး။ ဒါကြောင့်မြဝတီက အမျိုးတွေဆီလာပြီး စစ်ဘေးရှောင်နေတာပါ။ အခုမြဝတီကလည်း ကော့ကရိတ်၊ သင်္ဃန်းညီနောင်တို့လိုထပ်ဖြစ် ဦးမယ်ဆိုရင်ကျမတို့ပြေးစရာနေရာ မရှိတော့ဘူး။ ဒါကြောင့်စစ်ပွဲတွေမဖြစ်ကြဖို့ နှစ်ဘက်လုံးကိုမေတ္တာရပ်ခံတောင်းဆိုခြင်း
ဖြစ်ပါတယ်။ ကျမတို့ဆန္ဒပြတာမဟုတ်ပါဘူး၊ မြဝတီမြို့မှာ က ကော့ကရိတ်၊ သင်္ဃန်းညီနောင်၊ မဲ့ပလဲ့၊ ဝှေ့ရှမ်း၊ ရွှေမြစန္ဒီ၊ မဲကနယ် ဘက်က စစ်ဘေး စစ်ဘေးရှောင်ဒေသခံတွေလည်း ရောက်နေကြတာ။ မြ၀တီမြို့မှာက စစ်ရှောင်စခန်း(၂၀) ခန့်ရှပါတယ်။ အဲ့ဒီအပြင်ကို နီးစပ်ရာဆွေမျိုးအိမ်တွေမှာ စစ်ဘေးလာရှောင်နေ ကြသူတွေလည်း ရှိနေပါတယ်” ဟု ပြောကြားသည်။
ယနေ့ ဧပြီလ (၁၀) ရက်နေ့ မနက်ပိုင်းတွင် မြဝတီမြို့အတွင်း ငြိမ်သက်လျှက်ရှိပြီး ပုံမှန်နီးပါးသွားလာလျှက်ရှိနေကြသော်လည်း မြဝတီမြို့အနီးရှိ ခမရ – ၂၇၅ အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။