စစ်ရေးတင်းမာမှုဖြစ်ပွားနေသည့် ကျိုက်မရောမြို့နယ်အတွင်းမှ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေရသူများ၏ နေအိမ်များမှ အဖိုးတန်ပစ္စည်းများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်ဝေခံခိုးဆိုးလုယက်သူများက ဖောက်ထွင်းခိုးယူမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲများဖြစ်ပေါ်ခဲ့ခြင်းမရှိသေးသော ကျိုက်မရောမြို့နယ် တရနာကျေးရွာ၊ ကော့သပ်ကျေးရွာ၊ သံကလောင်ကျေးရွာ အစရှိသည့် စစ်ကောင်စီတပ်မှ တပ်စွဲထားသည့် ကျေးရွာများအတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား စစ်ကောင်စီတပ်သားများ နှင့် ခိုးဆိုးလုယက်သူများမှ နေအိမ်များအား ဖောက်ထွင်းကာ အဖိုးတန်ပစ္စည်းများ ခိုးယူနေကြသည်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
“နှစ်ဖက်စစ်ရေးတင်းမာနေကြတော့ ဒေသခံတွေက ကြောက်လန့်ပြီး စစ်ဘေးတိမ်းရှောင်နေကြရချိန်မှာ နေအိမ်တွေကို စစ်သားတွေနဲ့ သူခိုးတွေက ဈေးဆိုင်တွေနဲ့ နေအိမ်တွေကို လိုက်ဖောက်ပြီး ယူချင်တာတွေ ယူသွားကြတယ်။ ကိုယ်တွေက အသက်ဘေးလွတ်ဖို့ ထွက်ပြေးနေရတဲ့အချိန်မှာ တစ်ဖက်မှာလည်း ကိုယ့်အိမ်ကို ပြန်ပြီး စိုးရိမ်နေကြ၇တယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုများ မရှိသည့်အချိန်တွင် မိမိနေအိမ်များသို့ ပြန်ကာ အဖိုးတန်ပစ္စည်းများ သွားရောက်ယူဆောင်ချင်ကြသော်လည်း စစ်ကောင်စီတပ်သားများမှ ကျေးရွာများအတွင်း ဝင်ရောက်ခွင့် မပြုသည့်အတွက် ပစ္စည်းများ သွားရောက်ယူဆောင်နိုင်ခြင်းကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
သို့သော်လည်း ဓမ္မသကျေးရွာကဲ့သို့ နေအိမ်များ မီးလောင်ပျက်စီးသွားမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်ကြောက်လန့်နေကြကြောင်း နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေရသည့် သံကလောင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။
“ဓမ္မသကျေးရွာက ကိုယ့်လူတွေကို ကိုယ်ချင်းလည်းစာပါတယ်။ သူတို့ခများမှာ အဖိုးတန်ပစ္စည်းတွေဘာမှမရလိုက်သလို အရေးကြီးတဲ့ စာရွက်စာတမ်းတွေလည်း မီးလောင်ပျက်စီးကုန်တယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
လက်ရှိ ဓမ္မသကျေးရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ ယမန်နေ့ ဧပြီလ (၁) ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ (၂၇) ရက်နေ့ မွန်းလွဲပိုင်းအချိန်က တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း ဂျိုင်းမြစ်အတွင်းရှိ စစ်ကောင်စီရေတပ်စစ်သင်္ဘောမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာအတွင်း နေအိမ် (၃၀၀) ကျော်မီးလောင်ပျက်စီးခဲ့ရသည့်အတွက် နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများအပြင် မီးဘေးသင့်ပြည်သူများလည်း ကျိုက်မရောမြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်များသို့ တိမ်းရှောင်နေထိုင်နေကြရသည်။
ပြီးခဲ့သည့် မတ်လ (၂၄) ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တိုက်ပွဲများဖြစ်ပွားခဲ့ရာမှ ကော့ဘိန်းကျေးရွာအပြင် အနီးအနားရှိကျေးရွာများမှ ဒေသခံပြည်သူထောင်နှင့် ချီကာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် နိုဝင်ဘလ (၁၀) ရက်နေ့မှ ဒီဇင်ဘာလ (၂၉) ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသတိုက်ပွဲများအတွင်းတွင်လည်း ချောင်းနှစ်ခွကျေးရွာ နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများ၏ နေအိမ်များအား စစ်ကောင်စီတပ်သားများမှ ဖောက်ထွင်းကာ အဖိုးတန်ပစ္စည်းများ လုယက်ခိုးယူမှုများလုပ်ဆောင်ခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။