ဂျိုင်းမြစ်အတွင်းရှိ စစ်ကောင်စီရေတပ် စစ်သင်္ဘောမှများမှ လွန်ခဲ့သည့်မတ်လ ၂၇ ရက်နေ့က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာအတွင်း မီးလောင်ဒဏ်ရာများနှင့် အမည်မသိ သေဆုံးနေသူတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
မတ်လ (၃၁) ရက်နေ့က ဓမ္မသနေအိမ်များ၏မီးလောင်ပြင်ကြီးကို ရှင်းလင်းမှုများလုပ်ဆောင်ခဲ့ရာမှ ဓမ္မသကျေးရွာ (၅) လမးနှင့် (၆) လမ်းကြား မီးလောင်ကျွမ်းခဲ့သည်နေအိမ်တစ်အိမ်မှ အိမ်သာအတွင်း မီးလောင်ကျွမ်း သေဆုံးခဲ့သူတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“လောလောဆယ်မှာ ရွာကလူတွေက စစ်ဘေးရော၊ မီးဘေးရောထိပြီး တိမ်းရှောင်နေကြတော့ သေဆုံးသူက မည်သူမည်ဝါဆိုတာ မသိရသေးဘူး။ ပျောက်ဆုံးနေတဲ့သူတွေကိုလည်းအကြောင်းကြားပေးဖို့ အသိပေးထားပါတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
မီးလောင်သေဆုံးနေသူ၏ ရုပ်အလောင်းအား မွန်ရိုးရာအစဉ်အလားတိုင်း ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
ပြီးခဲ့သည့် မတ်လ (၂၇) ရက်နေ့ ညနေ (၃) နာရီအချိန်မှ စတင်ကာ စစ်ကောင်စီရေတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဓမ္မသကျေးရွာအတွင်း နေအိမ် ၃၀၀ ဝန်းကျင်ခန့် မီးလောင်ကျွမ်းခဲ့ရကြောင်း၊ မတ်လ (၂၈) ရက်ညပိုင်းအချိန်ကလည်း စစ်ကောင်စီရေတပ်မှ လက်နက်ကြီးဖြင့် အဆက်မပြတ် ထပ်မံပစ်ခတ်မှုကြောင့် နေအိမ်များထပ်မံမီးလောင်ပျက်စီးခဲ့ရာ ဓမ္မသကျေးရွာအတွင်းရှိ နေအိမ် (၉၀) ရာခိုင်နှုန်းကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။
လက်ရှိတွင်လည်း ကရင်ပြည်နယ် ကော့ဘိန်းကျေးရွာ နှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ဓမ္မသ၊ သံဂလောင်၊ တရနာ၊ ကော့သပ် အစရှိသည့် ကျေးရွာများမှ ဒေသခံပြည်သူ ထောင်နှင့်ချီပြီး နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေကြရသည့်အပြင်၊ မီးဘေးသင့်ပြည်သူရာပေါင်းများစွာကလည်း မော်လမြိုင်မြို့နယ် နှင့် ချောင်းဆုံးမြို့နယ်အတွင်း ယာယီနေထိုင်နေကြရကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ပြောကြားချက်များအရ သိရသည်။
ထို့အပြင် ပြီးခဲ့သည့် မတ်လ (၃၀) ရက်နေ့ မွန်းလွဲ (၃) နာရီအချိန်ခန့်ကလည်း ကျိုက်မရောမြို့နယ် သံကလောင်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သံကလောင်ကျေးရွာအပြင်ရှိ သီးနှံစိုက်ခင်းအတွင်း အပင်များ ရေလောင်းနေသည့် အသက် (၆၀) နှစ်ခန့်ရှိ နိုင်ကရွမ်း ဆိုသူအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ (၂၄) ရက်နေ့ မနက်ပိုင်းက ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မတ်လ (၂၅) ရက် မွန်းလွဲပိုင်းအချိန်တွင် ထိုနယ်မြေခံရဲစခန်းအတွင်းမှ ခုခံနေသည့် စစ်ကောင်စီတပ်သား နှင့် ရဲတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံခဲ့သည့်အတွက်ကြောင့် ရဲစခန်းအား သိမ်းယူနိုင်ခဲ့သည်။
ထို့နောက် မတ်လ (၂၇) ရက်နေ့ မွန်းလွဲ (၃) နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့များ မရှိသည့် ကော့ဘိန်းကျေးရွာမှ (၅) မိုင်ခန့်ကွာဝေးသည့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာအား စစ်ကောင်စီရေတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့်အတွက် နေအိမ်များမီးလောင်ပျက်စီးခဲ့ရခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သော ဒေသခံက ပြောသည်။