သထုံမြို့နယ် အောက်စိုင်းကျေးရွာရှိ ကျွဲစားကျက်မြေပေါ်တွင် ယနေ့ နံနက် (၉) နာရီအချိန်ခန့်က ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမည်မသိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့သည်။
သေဆုံးနေသူ အမျိုးသားမှာ အသက် (၄၅) နှစ်ခန့်ရှိပြီး၊ ဦးခေါင်းဘယ် နှင့် နောက်စေ့ နှင့် ညာဘက်နားအနီးတွင် ထိုးသွင်းဒဏ်ရာများရရှိထားပြီး သေဆုံးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အရင်က သူကိုရင်ကြီးတစ်ပါးဖြစ်ခဲ့ဖူးတယ်။ သူလမ်းသွားတိုင်း အမြဲတမ်း ဆိုင်ကယ်တွေ ကားတွေကို လမ်းကြုံလိုက်စီးလေ့ရှိသူပါ။ ဘယ်အချိန်ကတည်းက လူထွက်ထားလဲတော့မသိဘူး။ အခုလည်း ဘာကြောင့် အသတ်ခံရလဲမသိရသေးဘူး” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ဦးခေါင်းဒဏ်ရာများနှင့် သေဆုံးနေသည့် အမျိုးသား၏ ရုပ်အလောင်းအား အကြင်နာတွဲလက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားသည်။
ပြီးခဲ့သည့် မတ်လ (၂၉) ရက်နေ့ ညပိုင်းကလည်း သထုံမြို့နယ် သုဝဏ္ဏဝတီမြို့တွင် အမျိုးသားတစ်ဦး အသတ်ခံရပြီး ဆိုင်ကယ်လုယက်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။