သံဖြူဇရပ်မှ ဘုရားသုံးဆူလမ်းခွဲရှိ စစ်ကောင်စီ၏ သက္ကော့စစ်ဆေးရေးဂိတ်မှာ မတ်လ (၂၈) ရက်နေ့ မွန်းလွဲပိုင်အချိန်ခန်က ထပ်မံတိုက်ခိုက်ခံခဲ့ရကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့အင်အား (၃၀) ခန့်အား နေလယ် ၁၂ နာရီခွဲအချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ရာ (၁၅) မိနစ်ခန့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ရော၊ လက်နက်ငယ်တွေနဲ့ပါအနီးကပ်ဝင်ပစ်တာမျိုးရှိခဲ့တယ်။ ကျနော်တို့ကတော့ အိမ်အောက်တွေမှာ ပုန်းနေကြရတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ကားလမ်းလည်း ပိတ်ထားရတယ်လို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ပြီးသည့်နောက်တွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သက္ကော့ကျေးရွာရှိ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ၎င်းဒေသခံက ဆိုသည်။
“စစ်ဆေးရေးဂိတ်က ထိခိုက်သူတွေရှိတယ်။ ဘယ်လောက်ထိသွားကြလဲဆိုတာကိုတော့ တိတိကျကျ မသိရဘူး” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို သက္ကော့ကျေးရွာ စစ်ဆေးရေးဂိတ်အား မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နှင့်အတူ မော်လမြိုင်ပကဖ၊ YPDF တပ်ဖွဲ့များ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ (၁၇) ရက်နေ့ကလည်း ထို သက္ကော့စစ်ဆေးရေးဂိတ်အား KNLA တပ်ရင်း (၂၇)၊ တောင်ညိုစစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ချက်ရေး) တို့ ပူးပေါင်းကာ ဒရုန်း နှင့်ဗုံးသီး (၂) လုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် သက္ကော့ကျေးရွာ သံဖြူဇရပ် – ရေးကားလမ်း နှင့် သံဖြူဇရပ် – ဘုရားသုံးဆူကားလမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ယခုအကြိမ်အပါအဝင် (၄) ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။